
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ထဲက ကျားခဲကျေးရွာကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ စစ်တပ်ကစစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ် ပအဖ တာဝန်ရှိသူ ကိုဘုန်း က “ကျနော်တို့ ထီးလင်းမြို့နယ်ထဲက ကျားခဲရွာကို ထီးလင်းမြို့ပေါ် အထိုင်တပ်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးပြီး ရွာထဲမှာရှိတဲ့ ပြည်သူပိုင်ကုန်စုံဆိုင်တွေနဲ့ တခြားအိမ်တွေက ပစ္စည်းတွေကို အဓမ္မယူဆောင်သွားကြတယ်။ ရွာကို မီးရှို့သွားတာတော့ မလုပ်ခဲ့ကြဘူး။ တပ်စွဲနေတာမရှိဘဲ နာရီဝက်လောက်ကြာတော့ ပြန်ထွက်သွားကြတဲ့အခါ ရွာခံ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ဖမ်းဆီးသွားပြီးတော့ ရွာအဝင် ဆိုင်းဘုတ်နားမှာ ဓာတ်ပုံရိုက်တယ်။ အဖမ်းခံရတဲ့ အမျိုးသမီးဆီက ရွှေ ၁ ကျပ်သားလောက်နဲ့ ငွေ ၁၅ သိန်းလောက်ကို အတင်းတောင်းပြီးမှ အားလုံးကို ပြန်လွှတ်ပေးလိုက်တာ” လို့ ပြောပါတယ်။
အဆိုပါ ကျားခဲကျေးရွာဟာ ထီးလင်းမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်ဝန်းကျင်မှာရှိပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ဘက်က ၅ ကြိမ်ထက်မနည်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ယခင် ၄ ကြိမ်ကတော့ ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ရန်သူစစ်ကြောင်းက မြို့မြောက်ဘက်ကို အထွက်ပြပြီး ကျားခဲရွာကို ဝင်သွားတာ။ အာဏာသိမ်းပြီးနောက်ပိုင်း အခုစစ်ကြောင်းဝင်တာနဲ့ဆို ၅ ကြိမ်မြောက်ရှိပြီ။ အရင် ၄ ကြိမ်လောက်အထိ ဝင်တဲ့စစ်ကြောင်းတိုင်း မိုင်းထိလို့ အရာရှိတွေအပါအဝင် အသေအကျေ ဒဏ်ရာရတာတွေ ရှိခဲ့တာ။ အဲဒါတွေကို မကျေနပ်လို့ အခုထပ်ပြီး စစ်ကြောင်းထိုးတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာလည်း ထီးလင်းမြို့ပေါ်မှာရှိတဲ့ စစ်တပ် လက်အောက်ခံတွေအတွက် Y8 ထောက်ပို့လေယာဥ်နဲ့ ရိက္ခာထုပ်တွေ ချပေးခဲ့သေးတယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စိုးမိုးထားနိုင်သလို ထီးလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝန်းရံထားပြီး စစ်တပ် လက်အောက်ခံတွေဘက်ကတော့ ထီးလင်းမြို့ပေါ်ကိုသာ စိုးမိုးထားနိုင်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










