
အိန္ဒိယသမုဒ္ဒရာထဲရှိ မက်ဒါဂတ်စကာ ကျွန်းနိုင်ငံမှာ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နေ့စဉ် ၁၂ နာရီ ကျော်ကြာ ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအပေါ် အစိုးရက တုံ့ပြန်နှိမ်နင်းခဲ့အပြီး စက်တင်ဘာ ၂၉ ရက်မှာ မာဒါဂက်စ်ကာ သမ္မတ အန်ဒရီ ရာဂျိုလီနာဟာ အစိုးရကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
“ပြည်သူတွေ မျှော်မှန်းထားတဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တာမျိုး ဒါမှမဟုတ် ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ တောင်းဆိုမှုတွေနဲ့ ကြောက်ရွံ့မှုတွေကို မကြားခဲ့မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၄ အရ ဝန်ကြီးချုပ်ကို ထုတ်ပယ်ပြီး အစိုးရကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” လို့ သမ္မတ ရာဂျိုလီနာက ပြောသွားတာပါ။
အစိုးရသစ် ခန့်အပ်မှုကို ဆိုင်းငံ့ထားပြီး လက်ရှိ အစိုးရအဖွဲ့က ကြားဖြတ်အနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး အစိုးရသစ် ခန့်အပ်ချိန်အထိ နေ့စဉ်ကိစ္စရပ်တွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကင်ညာနဲ့ နီပေါမှာ "Gen Z" ဆန္ဒပြပွဲတွေကနေ လှုံ့ဆော်လိုက်တဲ့ မက်ဒါဂက်စ်ကာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ စက်တင်ဘာ ၂၅ ရက်မှာ စတင်ခဲ့တာပါ။
ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပြီးနောက်မှာ အာဏာပိုင်တွေဟာ မြို့တော် အန်တာနာနာရီဗိုမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ရက်မှာတော့ ဆန္ဒပြမှု တတိယအကျော့အဖြစ် လမ်းမတွေပေါ် လူတွေ ပြန်စုရုံး ရောက်လာကြပြီး သမ္မတကို ရာထူးနုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ မြို့တော် အန်တာနာနာရီဗို ရှိ တက္ကသိုလ်တခုမှာ စုဝေးခဲ့ပြီး အလံတွေ ဝှေ့ယမ်းကာ နိုင်ငံတော်သီချင်းကို သီဆိုပြီး မြို့တွင်းမှာ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြစဉ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုအပေါ် လူငယ်တွေဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့က ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပြီး ဆူပူအုံကြွမှုအတွင်း သေဆုံးမှုတချို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ “အကြမ်းဖက် တုံ့ပြန်မှု” ကို ကုလသမဂ္ဂ အေဂျင်စီက အပြစ်တင်ခဲ့ပါတယ်။
အသေအပျောက်စာရင်းထဲမှာ ဆန္ဒပြသူတွေနဲ့ ဖြတ်သွားဖြတ်လာ ပြည်သူတွေအပြင် လူဆိုးဂိုဏ်းတွေရဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူတွေလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ အသေအပျောက်စာရင်းတွေဟာ “ကောလဟာလတွေနဲ့ သတင်းမှားတွေ” ကို အခြေခံထားတယ် ဆိုပြီး မက်ဒါဂတ်စကာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ နီပေါနဲ့ ကင်ညာတို့ရဲ့ အောင်မြင်တဲ့ ဆန္ဒပြပွဲတွေမှ နည်းဗျူဟာတွေကို ကျင့်သုံးခဲ့ကြပါတယ်။ ၃ ရက်ကြာ ဆန္ဒပြပွဲတွေဟာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး မက်ဒါဂက်စ်ကာ ဆန္ဒပြမှုတွေ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် အာဏာသိမ်းမှုမှာ ပထမဆုံး အာဏာရရှိခဲ့တဲ့ သမ္မတ ရာဂျိုလီနာအတွက် ၂၀၂၃ ခုနှစ်မှာ ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း အဆိုးရွားဆုံးစိန်ခေါ်မှုလည်း ဖြစ်ပါတယ်။
Source:Reuters










