DVB Logo
Home
Lead Story
သက်တမ်း ၈၀ ကမ္ဘာ့ကုလသမဂ္ဂ မီးစာကုန် ဆီခန်းပြီလား
DVB
·
September 30, 2025
သက်တမ်း ၈၀ ကမ္ဘာ့ကုလသမဂ္ဂ မီးစာကုန် ဆီခန်းပြီလား
Donate to DVB

စက်တင်ဘာ ၂၃ ရက်ကနေ ၂၉ ရက်အထိ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုရုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးတော့ မဟုတ်ပါဘူး။ ပိုပြင်းထန်လာတဲ့ စစ်ပွဲတွေ၊ ဆိုးရွားလာတဲ့ ရာသီဥတု ပြဿနာတွေနဲ့ ရန်ပုံငွေအကျပ်အတည်းတွေကြားမှာ ကုလသမဂ္ဂဟာ အရင်ကနဲ့မတူတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒါကြောင့် ကုလသမဂ္ဂဟာ ထူထောင်ထားတဲ့ ရည်ရွယ်ချက်တွေအတွက် အလုပ်ဖြစ်သေးရဲ့လား၊ သက်တမ်း ၈၀ ကျော်ပြီဖြစ်တဲ့ ကုလသမဂ္ဂ မီးစာကုန် ဆီခန်းပြီးလားဆိုတာ အကျဉ်းရုံး သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

စစ်ဘေးစစ်ဒဏ်တွေကို တားဆီးဖို့ တည်ထောင်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အာဏာအရှိဆုံး အဖွဲ့ဖြစ်တဲ့ လုံခြုံရေးကောင်စီ ကိုယ်တိုင်က သွက်ချာပါဒ လိုက်နေပါတယ်။ ကမ္ဘာ့လုံခြုံရေးရဲ့ အဓိက အင်ဂျင်လို့ တင်စားခေါ်ဝေါ်ကြတဲ့၊ အခုအခါမှာ သွက်ချာပါဒလိုက်စေတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ ခေါ်နေကြတဲ့ လုံခြုံရေးကောင်စီကနေ စကြည့်ရအောင်ပါ။

ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေအတွက် အကြီးမားဆုံး အဟန့်အတားကတော့ ဗီတိုအာဏာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့မှာပဲ ရှိတဲ့ ဒီအာဏာနဲ့ သူတို့ထဲက ဘယ်နိုင်ငံမဆို ဆုံးဖြတ်ချက်မှန်သမျှကို ပယ်ချနိုင်ခွင့် ရှိပါတယ်။ ၁၉၄၅ ခုနှစ်တုန်းကတော့ အင်အားကြီးနိုင်ငံတွေကြား ဘုံသဘောတူညီမှု ရဖို့၊ အပြန်အလှန် ညှိနှိုင်းသဘောတူကြဖို့ ရည်ရွယ်ပြီးတော့ ဗီတိုအာဏာကို ထည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်ခံပြီး ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဗီတိုအာဏာကို ပုံမှန်သုံးလာကြပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ရုရှားဟာ ဗီတိုအာဏာကို အကြိမ် ၂၀ နီးပါး အသုံးပြုခဲ့ပြီး အများစုကတော့ ဆီးရီးယားနိုင်ငံ တာဝန်ခံမှုကနေ ကာကွယ်ဖို့ ဒါမှမဟုတ် ယူကရိန်းအပေါ်  ရုရှားကျူးကျော်မှုကို ရှုတ်ချတာကနေ တားဆီးဖို့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ပယ်ချဖို့ ဗီတိုအာဏာကို အကြိမ်ကြိမ် အသုံးပြုခဲ့ပါတယ်။

အမေရိကန်၊ တရုတ်နဲ့ ရုရှားကြားက ပထဝီနိုင်ငံရေး ပဋိပက္ခတွေကြောင့် လုံခြုံရေးကောင်စီဟာ ဆယ်နှစ်တာအတွင်း ကမ္ဘာ့အဆိုးရွားဆုံး ပဋိပက္ခတွေကို တုံ့ပြန်ဖို့ လုံးဝမဖြစ်နိုင်သလောက် အခြေအနေ ရောက်ခဲ့တယ်လို့ International Crisis Group က ကုလသမဂ္ဂ စောင့်ကြည့်လေ့လာသူ ဒန်နီယယ်ဖော်တီက သုံးသပ်ထားပါတယ်။

ဒီအပေါ်မှာ ကိုယ်စားပြုမှုဆိုင်ရာ ပြဿနာက ထပ်ပေါင်းတည်ရှိပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံဟာ ၁၉၄၅ ခုနှစ် ကမ္ဘာ့အခြေအနေကိုပဲ ထင်ဟပ်နေပြီး ဒီကနေ့ခေတ်ကို မထင်ဟပ်ပါဘူး။ အာဖရိကနဲ့ တောင်အမေရိကလို တိုက်ကြီးတွေက ဘယ်နိုင်ငံမှ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နေရာ မရပါဘူး။ အချမ်းသာဆုံး၊ အင်အားအကြီးဆုံး နိုင်ငံတွေထဲမှာပါတဲ့ ဂျာမနီနဲ့ ဂျပန်ကလည်း ဒုတိယကမ္ဘာစစ် စစ်ရှုံးနိုင်ငံတွေ ဖြစ်နေလို့ ပါဝင်ခွင့် မရပါဘူး။  

ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ကျတော့ catch-22 သီအိုရီလို ကြာအေး (ဂျာအေး)  သူ့အမေရိုက် ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ဒုတိယကိစ္စကို မလုပ်ဘဲနဲ့ ပထမကိစ္စကို လုပ်လို့မရဘူး။ ဒါပေမဲ့ ပထမကိစ္စကို မလုပ်သရွေ့ ဒုတိယကိစ္စကို လုပ်လို့မရဘူးဆိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဥပမာပြောရရင် အလုပ်ရဖို့ အတွေ့အကြုံလိုတယ်၊ အတွေ့အကြုံမရှိတဲ့သူကို အလုပ်မခန့်ဘူးဆိုတဲ့ အခြေအနေမျိုးပါ။ လုပ်ပိုင်ခွင့်အာဏာ လျှော့ချဖို့ လိုအပ်တဲ့နိုင်ငံတွေ ကိုယ်တိုင်ကပဲ အဲဒီလို အပြောင်းအလဲတွေကို အတည်ပြုပေးနိုင်သူတွေ ဖြစ်နေပြီး အဲဒီလို ကြိုးပမ်းမှုတိုင်းကို သူတို့ကိုယ်တိုင်ကပဲ  ဗီတိုသုံးပြီး ပယ်ချနိုင်နေတာက ပြဿနာဖြစ်နေပါတယ်။

ကုလသမဂ္ဂဟာ နိုင်ငံရေးအရ သွက်ချာပါဒ လိုက်နေတဲ့အချိန် မြေပြင်ပေါ်မှာရှိနေတဲ့ ခမောက်ပြာတွေလို့ တင်စားကြတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့တွေကို ဆက်လေ့လာကြည့်ရအောင်ပါ။ UN တပ်တွေ ကိုယ်တိုင်မှာလည်း အောင်မြင်မှုနဲ့ ဆိုးဆိုးရွားရွား ကျဆုံးမှုဆိုတဲ့ လုံးဝကွဲပြားတဲ့ အခြေအနေနှစ်မျိုး ရင်ဆိုင်နေရပါတယ်။ 

တဖက်မှာတော့ သမိုင်းဝင်အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။ ဆီယာရာ လီယွန်နိုင်ငံမှာ ဆိုရင် ခိုင်မာတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ကုလသမဂ္ဂမစ်ရှင်ဟာ ကလေးစစ်သားတွေ အပါအဝင် တိုက်ခိုက်ရေးသမား ၇၅,၀၀၀ ကျော်ကို လက်နက်ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်။ နိုင်ငံရဲ့ ပထမဆုံး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် လမ်းခင်းပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကျရှုံးမှုတွေကလည်း အမာရွတ်ထင်နေပါတယ်။ ၁၉၉၄ ခုနှစ်မှာ ရဝမ်ဒါနိုင်ငံက ကုလသမဂ္ဂတပ်မှူးတွေက လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်လာတော့မယ်ဆိုတာကို သတိပေးခဲ့ပေမဲ့ လျစ်လျူရှုခံခဲ့ရပါတယ်။ အဲဒီအစား လုံခြုံရေးကောင်စီက တပ်ဖွဲ့ဝင်အများစုကို ပြန်ရုပ်သိမ်းခဲ့ပြီး ကုလသမဂ္ဂအလံတော်အောက်မှာ ခိုလှုံနေတဲ့ လူထောင်ချီ အသတ်ခံရဖို့ ပစ်ထားခဲ့ပါတယ်။ တနှစ်အကြာမှာတော့ ကုလသမဂ္ဂက “လုံခြုံတဲ့နေရာ” လို့ ကြေညာထားတဲ့ ဆရီဘရီနီးကားမှာ လက်နက်အင်အားနည်းတဲ့ ဒတ်ခ်ျငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ဘော့စနီးယားဆာ့ဘ်တပ်တွေက မူဆလင်အမျိုးသားနဲ့ ယောက်ျားလေး ၈,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာကို ဘေးက ရပ်ကြည့်နေခဲ့ရပါတယ်။

ဒီကြေကွဲစရာဖြစ်ရပ်တွေက ကုလသမဂ္ဂရဲ့ အကာအကွယ်ပေးမယ်ဆိုတဲ့ ကတိနဲ့ နိုင်ငံရေးအရ လျစ်လျူရှုမှုဆိုတဲ့ လက်တွေ့အခြေအနေကြားက ကွာဟချက်ကို ဖော်ပြနေပါတယ်။ ဒီနေ့ခေတ်မှာတော့ မာလီနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံလို နေရာတွေက ကုလမစ်ရှင်တွေဟာ “သဘောတူညီမှု အကျပ်အတည်း” ဆိုတဲ့ ရွှံ့နွံအသစ်ထဲမှာ နစ်နေပါတယ်။ သတင်းမှားတွေနဲ့ ပစ်မှတ်ထားခံနေရပြီး သူတို့ပံ့ပိုးပေးရမယ့် အစိုးရတွေကိုယ်တိုင်ရဲ့ လက်မခံမှုနဲ့ ကြုံတွေ့နေရပါတယ်။

ကုလသမဂ္ဂဟာ  နိုင်ငံရေးအရ ရှေ့မတိုးနိုင်ပေမဲ့ ကုလသမဂ္ဂ အေဂျင်စီတွေဟာ အသက်ကယ်ပြီး ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အရေးကြီးတဲ့လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ပါတယ်။

အကြီးမားဆုံးအောင်မြင်မှုမျိုး ဥပမာပြရရင် ကျောက်ရောဂါကို လုံးဝ အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တာမျိုး ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဦးဆောင်ခဲ့တဲ့ ဒီပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြီးကျယ်တဲ့အောင်မြင်မှုဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့လို အေဂျင်စီတွေက လူသန်းပေါင်းများစွာကို အစားအစာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးနေပါတယ်။

ဒါပေမဲ့ အကြီးဆုံးအလှူရှင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရန်ပုံငွေဖြတ်တောက်လာတာကြောင့် ဆိုးရွားတဲ့ ရန်ပုံငွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ကုလသမဂ္ဂ ဘတ်ဂျက်လျှော့ချဖို့ ပြင်ဆင်လာရပါတယ်။ ကုလသမဂ္ဂရဲ့ ရန်ပုံငွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မဖြစ်မနေ ထည့်ဝင်ငွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေရဲ့ သီးသန့်အလှူငွေတွေကနေ လာတာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က WHO အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်း အများအပြားကနေ နုတ်ထွက်လိုက်တဲ့အချိန်မှာ ငွေကြေးအခက်အခဲတင်မကဘဲ အဖွဲ့အစည်းရဲ့ လည်ပတ်နိုင်စွမ်းအပေါ်ပါ သက်ရောက်လာပါတယ်။ ဒါကြောင့် အတွင်းရေးမှူးချုပ် ဂူတာရက်စ်က နောက်နှစ်ဘတ်ဂျက်ကို ဒေါ်လာသန်း ၅၀၀ လျှော့ချဖို့ အဆိုပြုခဲ့ရပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးလို အစီအစဉ်ကြီးတွေလည်း ရန်ပုံငွေ မရေမရာ ဖြစ်နေပါတယ်။ လစ်လပ်သွားတဲ့ ရန်ပုံငွေနေရာကို တခြား ဘယ်နိုင်ငံကမှ ဝင်မဖြည့်တဲ့အခါ၊ ကုလသမဂ္ဂဟာ အကူအညီတွေ လျှော့ချရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံရေး၊ ပညာရေးနဲ့ ဒုက္ခသည်အရေးဆိုင်ရာ အထောက်အပံ့တွေ အများကြီး နည်းပါးသွားမှာ ဖြစ်ပါတယ်။

ဒါက အဓိကမေးခွန်းဆီကို ပြန်ရောက်သွားစေပါတယ်။ ဒီနေ့ခေတ် ကုလသမဂ္ဂဟာ ဝိရောဓိတခုနဲ့ ကြုံနေရပါတယ်။ ကုလ နိုင်ငံရေးယန္တရားက ပျက်စီးနေပေမဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကတော့ အရင်ကထက်ပိုပြီး အရေးကြီးလာပါတယ်။ ဒီအချိန်မှာ လုံခြုံရေးကောင်စီကို ပုံမှန်အတိုင်း ပြုပြင်ပြောင်းလဲဖို့ ဆိုတာကလည်း မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

နောက်ဆုံးမှာတော့ ကုလသမဂ္ဂဆိုတာ ကမ္ဘာကြီးရဲ့ မှန်တချပ်ပါပဲ။ အဖွဲ့ဝင်နိုင်ငံတွေက ခွင့်ပြုသလောက်သာ ထိရောက်မှုရှိမယ်၊ စည်းလုံးညီညွတ်မှုရှိမယ်၊ ဒါမှမဟုတ် သွက်ချာပါဒ လိုက်နေမှာပါ။

အသက် ၈၀ ပြည့် ကုလသမဂ္ဂ ရှေ့ဆက်အလုပ်ဖြစ်နိုင်မလား၊ မီးစာကုန်ဆီခန်းပြီး သေဆုံးသွားတော့မလား ဆိုတဲ့အချက်ဟာ ကုလပဋိညာဉ်စာတမ်းကို ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်းထက်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားမှာ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိ မရှိ ဆိုတဲ့အပေါ် အဓိက မူတည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013