
ချဲလ်ဆီးပရိသတ်တယောက်အဖြစ် ရှိနေဆဲဆိုပေမဲ့ ဘင်ဖီကာအသင်းနည်းပြတယောက် အနေနဲ့ အနိုင်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း နည်းပြမော်ရင်ညိုက ပြောသွားပါတယ်။
မော်ရင်ညိုဟာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ အသင်းဟောင်းချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်သွားရမှာပါ။
ချဲလ်ဆီးအသင်းနဲ့ ဆက်ဆံရေးအပေါ် အပြာရောင်တပ်သားတယောက်အနေနဲ့ အမြဲတမ်းရှိနေမှာဖြစ် ကြောင်း၊ အသင်းရဲ့သမိုင်းမှာ မိမိက အစိတ်အပိုင်းတရပ်ဖြစ်ခဲ့သလို မိမိရဲ့သမိုင်းမှာလည်း ချဲလ်ဆီးအသင်းက အစိတ်အပိုင်းတရပ်ဖြစ်ခဲ့ကြောင်း၊ အသင်းကို ကြီးမားတဲ့အသင်းဖြစ်အောင် ကူညီခဲ့သလို အသင်းကလည်း မိမိကို ပိုကောင်းတဲ့ ဟိုဆေးမော်ရင်ညို ဖြစ်လာစေခဲ့ကြောင်း မော်ရင်ညိုက ပြောပါတယ်။
အလုပ်ကိစ္စနဲ့ ပတ်သက်လာချိန်မှာပဲ မိမိက ချဲလ်ဆီးပရိသတ်မဟုတ်တော့တာဖြစ်ပြီး အသင်းဟောင်းနဲ့ပွဲမှာ အနိုင်ရဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်းမော်ရင်ညိုက ပြောသွားပါတယ်။
Photo: Reuters










