
အမေရိကန်စစ်သားတွေ အမိန့်မနာခံကြဖို့ ကိုလံဘီယာသမ္မတပယ်ထရိုရဲ့ နယူးယော့ခ်မြို့ပေါ်မှာ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ဝင်ခွင့်ဗီဇာပြန်ရုပ်သိမ်းမှာဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။
ပယ်ထရိုဟာ “အမေရိကန်စစ်သားတွေကို အမိန့်မနာခံဖို့နဲ့ အကြမ်းဖက်မှုတွေကို လှုံဆော်နေတယ်” လို့ စက်တင်ဘာ ၂၆ ရက်က နယူးယော့ခ်မြို့မှာ ပြောဆိုခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက “ကျနော်တို့ ပယ်ထရိုရဲ့ မဆင်မခြင် လုပ်ဆောင်မှုနဲ့ ဆူပူအောင် လှုံဆော်မှုတွေအတွက် ဗီဇာပြန်ရုပ်သိမ်းမယ်”လို့ ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။
ပယ်ထရိုဟာ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယော့ခ်ကို ရောက်နေတာဖြစ်ပြီး ကုလရုံးအပြင်မှာ လူထုကို ပြောဆိုခဲ့တာပါ။
“အမေရိကန်စစ်သားအားလုံးကို ကျနော်ပြောချင်တာက ပြည်သူတွေဘက် သေနတ်ပြောင်း မလှည့်ဖို့ပါပဲ။ ထရမ့်ပ်ရဲ့ အမိန့်ကို ဆန့်ကျင်ပါ။ လူသားဆန်တဲ့ အမိန့်တွေကို လိုက်နာပါ”လို့ ပယ်ထရိုက ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးက မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ပယ်ထရိုဟာ စက်တင်ဘာ ၂၃ ရက်တုန်းက ကုလအစည်းအဝေးမှာ ထရမ့်ပ်ကို ဂါဇာလူမျိုးတုံး သတ်ဖြတ်မှုမှာကြံရာပါလို့ ဝေဖန်ထားပြီး ကာရေဘီယံပင်လယ်မှာ မူးယစ်ဆေးသယ် သင်္ဘောတွေလို့ သံသယရှိတယ်ဆိုပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုက ရာဇဝတ်မှုအဖြစ် အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။
ပယ်ထရိုဟာ ဂါဇာကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးကို ဆန့်ကျင်တဲ့ သူတယောက်ဖြစ်ပြီး အစ္စရေးကို ကျောက်မီးသွေးတင်ပို့မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
Source: Reuters










