DVB Logo
Home
နိုင်ငံတကာ
အစ္စရေးစစ်တပ် အသုံးပြုနေသည့် ဝန်ဆောင်မှုအချို့ မိုက်ခရိုဆော့ဖ် ဖြတ်တောက်
DVB
·
September 27, 2025
အစ္စရေးစစ်တပ် အသုံးပြုနေသည့် ဝန်ဆောင်မှုအချို့ မိုက်ခရိုဆော့ဖ် ဖြတ်တောက်
Donate to DVB

ဂါဇာပြည်သူတွေအပေါ်  အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းရာမှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက နည်းပညာကို အသုံးပြုနေကြောင်း တွေ့ရှိခဲ့ပြီးနောက်ပိုင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနအတွက် ဝန်ဆောင်မှုတချို့ ဖြတ်တောက်လိုက်ပါတယ်။ 

အဲဒီနောက် မိုက်ခရိုဆော့ဖ်ဥက္ကဋ္ဌ ဘရတ်ဒ်စမစ်တ်က အရပ်သားတွေအပေါ် စောင့်ကြည့်ထောက်လှမ်းဖို့ ကုမ္ပဏီရဲ့ နည်းပညာကို အသုံးပြုတာဟာ စံသတ်မှတ်ထားတဲ့ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေအပေါ် ချိုးဖောက်မှုဖြစ်တယ်လို့  ဆိုပါတယ်။ 

ဒါပေမဲ့ မိုက်ခရိုဆော့ဖ်နဲ့ အစ္စရေးကြားက တခြားလုပ်ငန်းတွေကိုတော့ ထိခိုက်မှုရှိမှာ မဟုတ်ကြောင်း ဖြည့်စွက်ပြောပါတယ်။ ဒါဟာ The Guardian သတင်းစာမှာ ပြီးခဲ့တဲ့လအတွင်း ဖော်ပြခဲ့တဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် အခုလိုမျိုး အရေးယူဆောင်ရွက်ခဲ့တာပါ။ 

အခုလိုမျိုး အစ္စရေးအစိုးရနဲ့အတူ မိုက်ခရိုဆော့ဖ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အငြင်းပွားစရာ ကိစ္စရပ် ဖြစ်လာတဲ့အလျောက် ကုမ္ပဏီတွင်း၀န်ထမ်းတွေရဲ့  ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ပါ ရင်ဆိုင်လာရပါတယ်။ 

အစ္စရေးအတွက် ဝန်ဆောင်မှုပေးနေတာနဲ့ ပတ်သက်ပြီး ဆန့်ကျင်သူ ဝန်ထမ်းတချို့ကို အလုပ်ထုတ်ပယ်ခဲ့တဲ့အပြင် မိုက်ခရိုဆော့ဖ်က ပြန်လည်သုံးသပ်နေတယ်လို့ပါ ဖော်ပြထားပါတယ်။ 

အစ္စရေးကာကွယ်ရေး ဌာနခွဲတခုက မိုက်ခရိုဆော့ဖ်ရဲ့  Azure (အက်ဇ်ရှာ) အမည်ရ ကြီးမားကျယ်ပြန့်တဲ့ Cloud ဝန်ဆောင်မှုကိုအသုံးပြုပြီး သာမန်ပါလက်စတိုင်းပြည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ ကြားဖြတ်နားထောင်ကာ သိမ်းဆည်းထားတာမျိုး ဖြစ်ပါတယ်။ 

ဒီလိုမျိုး များပြားကျယ်ပြန့်လှတဲ့ ဆက်သွယ်ပြောဆိုမှုတွေကို စုဆောင်းထားတာ၊ ပြန်လည်နားဆင်တာနဲ့ ခွဲခြမ်းစိတ်ဖြာတာ စသဖြင့် လုပ်နိုင်တဲ့အခါ ဂါဇာဒေသနဲ့ အနောက်ဘက်ကမ်းက စစ်ဆင်ရေးတွေကို ဖော်ဆောင်ရာမှာ အထောက်အကူ ပြုတယ်လို့  သိရပါတယ်။ 

ဒါကြောင့် အဲဒီဌာနက စုဆောင်းထားတဲ့ အချက်အလက်တွေကို Amazon ကုမ္ပဏီရဲ့  Cloud ပလက်ဖောင်းတခုဆီ ရွှေ့ပြောင်းဖို့အတွက် စီစဉ်နေတယ်လို့ The Guardian မှာ ဖော်ပြထားပါတယ်။ 

Amazon ဘက်က မှတ်ချက်ပေးဖို့တောင်းဆိုမှုကို ပြန်လည်တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဒီနှစ်အစောပိုင်း တုန်း​ကလည်း အစ္စရေးနဲ့စီးပွားရေးလုပ်နေတဲ့ နိုင်ငံစုံကုမ္ပဏီကြီးတွေကို စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုပြီး မပတ်သက်ဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူတဦးအနေနဲ့ သတိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013