
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကံထူးမရွာကို စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဂျက်တိုက်ခိုက်ရေးလေယာဉ် (Yak-130) တစီးနဲ့ ရွာထဲက နိုဘယ်ဝမ်း ဓာတ်ဆီဆိုင်နားတဝိုက်ကို ပေါင်း ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာကြောင့် ၈ ယောက်ခန့် နေရာမှာတင် သေဆုံးပြီး ၁၂ ယောက်လောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲက ဒေသခံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ တန့်ဆည် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘူး။ ပြည်သူတွေကို တမင်ရည်ရွယ်ပြီးကို လာပစ်သွားတာ။ ဆီဆိုင်နဲ့ အအေးဆိုင် နှစ်နေရာကို ပေါင် ၅၀၀ နှစ်လုံး ကြဲသွားတာ။ ၅ ယောက်ကတော့ ရုပ်အလောင်းတွေ့တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ သူတို့ရဲ့ ခြေလက်အပိုင်းစပဲ တွေ့တော့ တစစီဖြစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေထဲမှာ ၃ ယောက်က စိုးရိမ်ရတယ်။”
ဆီဆိုင်ပိုင်ရှင်သမီး၊ ကုန်ဈေးသည် အမျိုးသမီးနဲ့ အိမ်ဆောက်လုပ်နေတဲ့ ပန်းရံလုပ်သား အမျိုးသား ၆ ယောက်တို့ သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူတွေထဲမှာ ၃ ယောက်က ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ ကံထူးမရွာထဲက နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူလိုက်ပြီး ရွာကိုလည်း ထိန်းချုပ်ထားတာပါ။
ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေထဲက ဒေသခံတွေကို ဦးတည်ပြီး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း အပြင် ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေကိုပါ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာလို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။










