
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ခွန်စံလွင်က သူ့ရဲ့လူယုံတွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်တင်သွင်းထားပြီး ခွန်အောင်ခမ်းထီရဲ့ သမီးလည်း ဝင်ပြိုင်မယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ စက်တင်ဘာ ၂၅ ရက်ကစလို့ PNO က ပြုလုပ်နေတဲ့ ၂ ရက်ကြာ ပအိုဝ်းအမျိုးသားညီလာခံမှာ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း ကြေညာဖို့ ရှိနေတာပါ။
လတ်တလောမှာတော့ လက်ရှိ PNO ဥက္ကဋ္ဌရဲ့လူယုံလည်းဖြစ် ဟိုပုံးမြို့နယ်စီမံအဖွဲ့ဝင်လည်းဖြစ်တဲ့ ခွန်ကောင်းချစ်ထွန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျာထားတယ်လို့ ဆိုပါတယ်။
ညီလာခံကိုတက်ရောက်နေသူတယောက်က “လက်ရှိ PNO ဥက္ကဋ္ဌက သူ့လူတွေကို နေရာ ပြန်ပေးတာ။ ဟိုပုံးမြို့နယ်စီမံအဖွဲ့ဝင်ဖြစ်တဲ့ ခွန်ကောင်းချစ်ထွန်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာပေးထားတယ်။ နောက်တယောက်က ခွန်ညိုမောင်က ဥက္ကဋ္ဌရဲ့ လူယုံ အဲဒီလူကို ပြည်နယ်လွှတ်တော်မှာပြိုင်ဖို့ နေရာပေးထားတယ်။ နောက်တဦးကျတော့ လက်ရှိ ဥက္ကဋ္ဌရဲ့ PSA ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ နေရာလျာထားတယ်”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် မကြာခဏလာတွေ့လေ့ရှိတဲ့ ပအိုဝ်းခေါင်းဆောင် ခွန်အောင်ခမ်းထီရဲ့ သမီး နန်းရီရီလုံလည်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ရှိပြီး နန်းရီရီလုံဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာ ဝင်ပြိုင်ခဲ့ပေမဲ့ အနိုင်ရခဲ့တာမရှိပါဘူး။
ဒေသခံတယောက်က “ခွန်ညိုမောင်က ခွန်စံလွင်ရဲ့ လူယုံ၊ ခွန်စံလွင်ရဲ့ စီးပွားရေးတွေကို ကြပ်မတ်ပေးနေတဲ့သူ။ သူက အခုမှ နိုင်ငံရေးထဲရော၊ လူမှုရေးထဲရော အခု PNO လူစာရင်းမှ ထွက်ပေါ်လာတာ”လို့ ပြောပါတယ်။
ခွန်စံလွင်ဟာ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့ ဗဟိုအကြံပေးအဖြစ် ခန့်အပ်ခံထားရသူ ဖြစ်ပါတယ်။
ခွန်စံလွင်ဟာ PNO အဖွဲ့မှာလည်းပါဝင်ခဲ့ဖူးပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။
လက်ရှိတောင်ကြီးမှာ PNO က ဦးဆောင် ကျင်းပနေတဲ့ ပအိုဝ်းအမျိုးသားညီလာခံကို ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ထဲက ပုဂ္ဂိုလ်တွေနဲ့ ကျေးရွာသူကြီးအုပ်စုတွေ အများဆုံးတက်ရောက်ကြပါတယ်။
PNO ကတော့ လာမယ့် ရွေးကောက်ပွဲကို တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ပင်းတယ၊ ဖယ်ခုံ၊ နမ့်စန်၊ မောက်မယ်၊ လွိုင်လင်တို့က မဲဆန္ဒနယ် ၂၉ ခုမှာ ကိုယ်စားလှယ်လောင်း ၅၁ ယောက်နဲ့ နိုင်သူအကုန်ယူစနစ်ရော၊ အချိုးကျကိုယ်စားပြု PR အတွက်ပါ ဝင်ပြိုင်ဖို့ရှိနေတာ ဖြစ်ပါတယ်။
PNO ရဲ့ လက်နက်ကိုင်တပ် PNA ပြည်သူ့စစ်ဟာ စစ်ကောင်စီတပ်တွေကို စစ်ရေးကူညီပေး နေတာဖြစ်ပါတယ်။










