
အာဏာသိမ်းခေါင်းဆောင် မာမာဒီ ဒွန်ဘူးယာကို သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဂီနီနိုင်ငံက မဲဆန္ဒရှင်တွေက တခဲနက် ထောက်ခံခဲ့ကြတယ်လို့ စက်တင်ဘာ ၂၂ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ တစိတ်တပိုင်းရလဒ်တွေက ဆိုပါတယ်။
မဲအရေအတွက် ၉၁ ရာခိုင်နှုန်းကို ရေတွက်ပြီး ပဋိညာဉ်မူကြမ်းကို မဲဆန္ဒရှင် ၉၀ ဒသမ ၆ ရာခိုင်နှုန်းက ထောက်ခံခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်မှာ မြို့တော် ကိုနာခရီရဲ့ လမ်းတွေပေါ်မှာ လူတချို့က ငြိမ်းချမ်းတဲ့ လျှို့ဝှက်မဲပေးစနစ်အဖြစ် သူတို့ရှုမြင်တဲ့ အခြေအနေကို ကြိုဆိုခဲ့ကြပါတယ်။
“ပထမဆုံးအကြိမ်၊ ကြီးကြီးမားမား အဖြစ်အပျက်မရှိဘဲ မဲပေးခဲ့တာပါ။ ဂီနီနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူပါတယ်” လို့ မဲဆန္ဒရှင်တယောက်က ပြောပါတယ်။
အာဏာပိုင်တွေကို လုံခြုံရေးပေးဆောင်ကာ နိုင်ငံသားများအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် အာဏာပိုင်တွေက လုံခြုံရေးပေးပြီး နိုင်ငံသားတွေက လွတ်လွတ်လပ်လပ် မဲပေးခွင့်ရတာကို ဂုဏ်ပြုချီးကျူးရင်း သူက ပြောခဲ့တာပါ။
နိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံပါတီတွေကို ဆိုင်းငံ့ထားပြီး မဲဆွယ်စည်းရုံးခွင့် မပြုခဲ့ဘူးလို့ တခြားသူတွေက ဝေဖန်ကြပါတယ်။
“မဲဆွယ်စည်းရုံးတဲ့ စခန်းတခုပဲရှိတယ်၊ ‘ဟုတ်ကဲ့’ ဆိုတဲ့စခန်းပါ။ အဓိက ပါတီတွေကို ခွင့်ပြုထားရင် ရလဒ်က ဒီလောက်အထိ မြင့်မှာမဟုတ်ဘူး” လို့ အမာဒူ ကန်ဒက်ဆာ ဒီယယ်လိုက ပြောပါတယ်။
ဂီနီနိုင်ငံသား အများအပြားဟာ လူထုပညာရေး အားနည်းခြင်းအတွက် စိတ်ပျက်အားငယ်နေခဲ့ကြပါတယ်။
“လူတွေကို ဒေသသုံး ဘာသာစကားနဲ့ ရှင်းရှင်းလင်းလင်း မရှင်းပြလို့ မျက်စိစုံမှိတ် မဲပေးခဲ့ကြတယ်” လို့ ဘေကင်း စဲန်းက ပြောပါတယ်။
အတိုက်အခံခေါင်းဆောင်တွေက သပိတ်မှောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက သဘောထား ကွဲလွဲသူတွေကို နှုတ်ပိတ်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ စွပ်စွဲချက်တွေကိုတော့ အစိုးရက ငြင်းဆိုထားပါတယ်။
Source: Reuters











