
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ ၄ ရက်အတွင်းမှာ မြေပြိုကျမှုကြောင့် ရိုဟင်ဂျာ ၁၆ ယောက် အပါအဝင် လူဦးရေ ၃၀ အထိ သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီး အာဆာဒူလ်ဟာဘစ် ဒူလူက လွှတ်တော်မှာ ပြောပါတယ်။
သေဆုံးသူတွေဟာ စစ်တကောင်းခရိုင်မှာ ၅ ယောက်၊ ကော့ဇ်ဘဇားခရိုင်မှာ ၁၉ ယောက်၊ ဘန်ဒါဘန်ခရိုင်မှာ ၅ ယောက်နဲ့ ရန်ဂျာမာတီမှာ ၁ ယောက် ဖြစ်တယ်လို့ ဇူလိုင် ၉ ရက်က လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
အဲဒီသေဆုံးမှုတွေအထဲ ကော့ဇ်ဘဇားခရိုင်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၆ ယောက်ထက် မနည်း ပါဝင်ပြီး စစ်တကောင်း၊ ဘန်ဒါဘန်တို့မှာ သေဆုံးခဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသတွင်း သတင်းစာတွေက ရေးပါတယ်။
ဇူလိုင် ၆ ရက်က ကော့ဇ်ဘဇား၊ တက္ကနဖ်နဲ့ အူခီးယာမြို့နယ်တွေမှာ မြေပြိုကျမှုကြောင့် ဒုက္ခသည်စခန်း ၃ ခုက ရိုဟင်ဂျာ ၈ ယောက် သေဆုံးခဲ့ရသလို ဇူလိုင် ၈ ရက်ကလည်း အူခီးယာမြို့နယ်ရှိ အမှတ် ၅ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အာရဗီစာသင်ကျောင်းပေါ်ကို မြေပြိုကျမှုကြောင့် ရိုဟင်ဂျာ ကလေး ၇ ယောက်နဲ့ ဆရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ဒါ့အပြင် စစ်တကောင်းဒေသတွင်း မြေပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ယောက်ထက် မနည်း ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက စာသင်ကျောင်းဟာ မိန်းကလေးငယ်တွေ ကုရ်အာန်ကျမ်းစာ သင်ကြားရာ အဆောက်အအုံဖြစ်ပြီး ကျောင်းရဲ့ အပေါ်ဘက်မှာ ဗလီဝတ်ကျောင်းတော်တခု ရှိပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပြိုကျလာတဲ့ မြေတွေဟာ ကျောင်းနံရံကို ရိုက်ခတ်မိရာက ပြိုလဲသွားကာ ကျောင်းတွင်းရှိနေတဲ့ မိန်းကလေးငယ်တွေအပေါ် ပိမိသွားခဲ့တာပါ။
အဲဒီအချိန်မှာ တချို့ကလေးငယ်တွေက အဆောက်အအုံထဲမှာ ရှိနေပြီး တချို့ကတော့ အပြင်မှာ ထမင်းသွားစားနေကြတာပါ။
ကယ်ဆယ်ရေးလုပ်အားပေးတွေကတော့ အသံအကျယ်ကြီးကြားလို့ ချက်ချင်းသွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ကျောင်းအပျက်အစီးတွေထဲကနေ ကလေးငယ် ၁၃ ယောက်ကို ဆယ်ယူနိုင်ခဲ့ပြီး ၆ ယောက်ကတော့ အခင်းဖြစ်နေရာမှာတင် သေဆုံးနေတာကို တွေ့ရှိခဲ့ကာ ကျန်တဲ့သူတွေကို ဆေးရုံပို့ဆောင်ခဲ့ပေမဲ့ စုစုပေါင်း ၈ ယောက်အထိ သေဆုံးသွားခဲ့ပါတယ်။
ကျန်ရှိတဲ့ ဒဏ်ရာရသူတွေကိုတော့ ဒုက္ခသည်စခန်းတွင်းက ဆေးရုံတွေမှာ ဆေးကုသမှု ပေးထားပါတယ်။
လက်ရှိ စစ်တကောင်းဒေသမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ခိုလှုံရေးစခန်း ၄၁ ခု၊ ကော့ဇ်ဘဇားမှာ ၆၄၀ ခု၊ ရန်ဂါမာတီမှာ ၂၁ ခု၊ ခါဂရာချာရီမှာ ၁၃၅ ခုနဲ့ ဘန်ဒါဘန်မှာ ၂၂၀ ခု ဖွင့်လှစ်ထားပြီး စစ်တကောင်းမှာ လူဦးရေ ၈,၃၄၀၊ ကော့စ်ဘဇားမှာ ၁၂,၀၀၆၊ ခါဂရာချာရီမှာ ၁,၇၅၅ ယောက်နဲ့ ဘန်ဒါဘန်မှာ ၂,၁၇၃ ယောက်တို့ ခိုလှုံနေကြတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီး အာဆာဒူလ် ဟာဘစ် ဒူလူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသမှာ ဇူလိုင်လဆန်းပိုင်းကတည်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေကြီးတာ၊ မြေပြိုကျတာတွေ နေ့စဉ် ရင်ဆိုင်နေကြရတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။
Ref: Daily Sun/ Reuters










