DVB Logo
Home
မြန်မာသတင်း
မြဝတီတောင်ဘက် ဝေါလေလမ်းပိုင်းကို ထိုးဖောက်သည့်စစ်တပ် အထိနာပြီး ပြန်ဆုတ်
DVB
·
September 24, 2025
မြဝတီတောင်ဘက် ဝေါလေလမ်းပိုင်းကို ထိုးဖောက်သည့်စစ်တပ် အထိနာပြီး ပြန်ဆုတ်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းကို လက်နက်ကြီးပစ်ကူနဲ့ ထိုးဖောက် ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ မယ်ဝါးခီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းက ဆုံးရှုံးထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ရယူဖို့ တပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ကူနဲ့ လက်ခတ်တောင်၊ နို့ဖိုး၊ ကွင်းကလေး၊ မယ်ထော်သလေးဘက်ကနေ လေးကေ့ကော် လမ်းကြောင်းအတိုင်း စစ်ကောင်စီစစ်ကြောင်းတွေက ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂၃ ရက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ မယ်ဝါးခီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “မနေ့က သူတို့ဘက်က ထိခိုက်နစ်နာမှုများတယ်။ ဒဏ်ရာရတာလည်း များတယ်။ ကျတာတွေလည်း များတယ်။ Main လမ်းကော မိုင်းထောင်ထားတဲ့ တောကြိုးတောကြားက တက်လာတာ။ ပြောရရင် သတ်ကွင်းပြင်ထားတာ သတ်ကွင်းထဲ တိုးဝင်လာတဲ့ သဘောပဲ။ နောက် လေးကေ့ကော်နဲ့ ရဲကုန်းဘက် အဲဒီဘက်ကို စစ်ကြောင်းတကြောင်း ရောက်လာတယ်။ ကျနော်တို့ဆီက တပ်ဖွဲ့တဖွဲ့ နေခဲ့ဖူးတဲ့ တောင်ကုန်းဟောင်းကို ရှိတယ်ထင်ပြီး ဒရုန်းတွေ အဲဒီမှာလာကြဲတယ်။ ကျနော်တို့ဆီက ပွိုင့်ဖိုက်တွေနဲ့ လှမ်းပစ်ချတယ်။ အဲဒီမှာတင် ကျနော်တို့ဘက်က လှမ်းပစ်တာ ၄ ယောက်လောက် ကျသွားတယ်။ ပြီးတော့ ပြန်ဆုတ်သွားတယ်။ သူတို့က ကျနော်တို့ကို ကျည်ကုန်ဖို့ လူပန်းဖို့ ပစတွေရဲ့ အသက်တွေနဲ့ရင်းပြီး တမင်ထိုးကျွေးပြီးတော့ ကျည်ဖြုန်းနေသလားလို့ ထင်ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက်ကို စစ်ကောင်စီစစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာတာ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ် တဖက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို နေရာစုံ သိထားတာကြောင့် စစ်ရှောင်စခန်းတချို့ဟာ လျှို့ဝှက်နေထိုင်နေရပြီး နေထိုင်စားသောက်ရေးမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “နေရာပြောပြလို့မရတဲ့ စစ်ရှောင်စခန်းတွေက အဆင်မပြေဘူး။ ဒီကြားထဲ စစ်ဘေးရှောင်ရတဲ့အပြင် မိုးကပါကောင်းတော့ ၂ ခါ ၃ ခါ၊ တဲတွေက လိုတယ်။ တဲကိစ္စ၊ စားဖို့သောက်ဖို့၊ ကလေးတွေ အဝတ်အထည်ကစ ကျနော်တို့တွေ ကူညီပေးနေရတယ်။ ခဏခဏ စစ်ရှောင်နေရတော့ သူတို့အတွက် အဆင်မပြေဘူး။ လေကြောင်းရန်ကို သူတို့ အရမ်းစိုးရိမ်ကြတယ်။ လေကြောင်းရန်ကြောင့် သူတို့က ကြိုရှောင်ထားတာ။ အခုဆို လေကြောင်းရန်ကိုလည်း ကြောက်ရတယ်။ လက်နက်ကြီး ၁၂၀ ကလည်း ရှိသမျှရွာတွေကို တနေ့ကို အလုံးရာနဲ့ချီပြီး ပစ်ပစ်ထုတ်နေတာ။ ၅ နှစ်အတွင်းမှာကိုပဲ သူတို့မှာ  စစ်ရှောင်ရတာ အကြိမ် ၅၀ လောက်ဖြစ်နေတာ။ ဒါတွေက အရမ်း ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်က စစ်ကောင်စီတပ်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

လက်ရှိမှာလည်း ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ပြီးနောက် မြဝတီမြို့ရဲ့ အဓိကကျတဲ့ လမ်းမနဲ့ အာရှလမ်းမပေါ်က ဂိတ်တွေမှာ စစ်တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေက လုံခြုံရေး ပူးတွဲရယူနေတယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013