DVB Logo
Home
မြန်မာသတင်း
NCA အပစ်ရပ် ၇ ဖွဲ့က ရွေးကောက်ပွဲကို ထောက်ခံ၊ ကန့်ကွက်ခြင်း မလုပ်ဘဲ ကြားနေမည်
DVB
·
September 23, 2025
NCA အပစ်ရပ် ၇ ဖွဲ့က ရွေးကောက်ပွဲကို ထောက်ခံ၊ ကန့်ကွက်ခြင်း မလုပ်ဘဲ ကြားနေမည်
Donate to DVB

အာဏာသိမ်းစစ်တပ်က ကျင်းမယ့် ရွေးကောက်ပွဲကို  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့အနေနဲ့ ထောက်ခံသွားမှာ မဟုတ်သလို ကန့်ကွက်သွားမှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် ၇ ဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို မှန်ကန်တယ်ဆိုပြီး ထောက်ခံသွားမှာ မဟုတ်သလို ဖျက်လို့ဖျက်ဆီးနဲ့ ကန့်ကွက်သွားမှာမဟုတ်ဘဲ ကြားနေဆောင်ရွက်သွားဖို့ မူချထားပြီး ဖြစ်တယ်လို့ NCA အပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို နိုင်ငံရေးပါတီတွေနဲ့ မဲပေးခွင့်ရှိတဲ့ ပြည်သူတွေက လုပ်ခွင့်ရှိပြီး အပစ်ရပ်အဖွဲ့တွေက နိုင်ငံရေးပါတီလည်း မဟုတ်သလို ရွေးကောက်ပွဲလည်း ဝင်မပြိုင်တာကြောင့် ကြားနေဆောင်ရွက်ကြဖို့ မူချထားတာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကော်မရှင်ဘက်က NCA လက်မှတ်ထိုး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ချိန်က ရွေးကောက်ပွဲ လုပ်လာခဲ့ရင် အပစ်ရပ်အဖွဲ့တွေဘက်က သူတို့ထိန်းချုပ်နယ်မြေမှာ လုံခြုံရေးပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးဖို့ သဘောတူညီမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီးနောက်ပိုင်း စစ်တပ်ဘက်က နယ်မြေဆုံးရှုံးမှုတွေ ရှိလာခဲ့ပြီးတဲ့အချိန်မှာ အဲဒီသဘောတူညီမှုတွေဟာ မဖြ‌စ်တော့သလို စစ်ရေး၊ နိုင်ငံရေးအခြေနေတွေက ပြောင်းလဲသွားတာကြောင့် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ဖို့ ခိုင်မာတဲ့သဘောတူညီချက် မရှိခဲ့ဘူးလို့လည်း အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က DVB ကို  ပြောခဲ့ဖူးပါတယ်။

ဒီနှစ်အကုန်မှာ ကျင်းပဖို့ရှိတဲ့  ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေတွေဟာ တော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားတဲ့နယ်မြေတွေ ပါရှိသလို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေလည်း ပါရှိပါတယ်။

စစ်တပ်နဲ့ အပစ်ရပ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)  ဘက်ကတော့ လက်ရှိမှာ ရွေးကောက်ပွဲအပေါ် ကူညီဆောင်ရွက်ပေးဖို့ ဆိုတဲ့ သဘောတူညီမှုမျိုး မရှိသေးဘူးလို့  RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ပြောပါတယ်။

NCA  လက်မှတ်ထိုးထားတဲ့ အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကတော့ အတုအယောင် ရွေးကောက်ပွဲ ဆိုပြီး  ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ 

စစ်ကောင်စီကတော့ ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်အစပိုင်းမှာ မြို့နယ်ပေါင်း ၂၇၄ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး အဲဒီရွေးကောက်ပွဲတွေကို အပိုင်းလိုက် ခွဲပြီးကျင်းပသွားမယ်လို့  ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေကိုတော့ အပိုင်းလိုက် ရွေးကောက်ပွဲတွေ အားလုံးကျင်းပပြီးသွားတဲ့အခါမှ ထုတ်ပြန်မယ်လို့ ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောဆိုထားသလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားတွေအရ အဲဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၅၇ ပါတီ ရှိပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ ကိုတော့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပြီး မြို့နယ် ၅၆ မြို့နယ်မှာတော့ လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပါဘူး။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013