
ဘာစီလိုနာနဲ့ ပိုလန်ဝါရင့်တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးက အင်္ဂလန် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေဟာ ကစားသမားတွေကို မတန်တဆဈေးကြီးပေးပြီး ဝယ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေက တရာသီတောင် ခြေစွမ်းမပြထားတဲ့ ကစားသမားတွေကို ဈေးကြီးပေးဝယ်နေတာလို့ လီဝမ်ဒေါစကီးက Times Sport နဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။
အသက်ငယ်တဲ့ ကစားသမားတွေကို ပြီးခဲ့တဲ့ ၆ လအတွင်း ၁၀ ဂိုးလောက်သွင်းရုံနဲ့ တချို့ကလပ်တွေက သန်း ၆၀ ၊ ၇၀ ပေးဝယ်နေကြတယ်လို့ သူက ဝေဖန်ပါတယ်။
လီဝမ်ဒေါစကီး ဝေဖန်သလိုပါပဲ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အပြောင်းအရွှေ့အသုံးစရိတ် စုစုပေါင်းဟာ စတာလင်ပေါင် ၃ ဒသမ ၁၉ ဘီလီယံအထိရှိပါတယ်။
အသက် ၃၇ နှစ်အရွယ် ဘာကာတိုက်စစ်မှူးဟာ သူ့ကစားသမားသက်တမ်းမှာ ဂတ်မူလာဆု၊ ဖီဖာ အကောင်းဆုံး အမျိုးသားကစားသမားဆု၊ ဥရောပ ရွှေဖိနပ်ဆုစတဲ့ တယောက်ချင်းဆုတွေ အများကြီးရထားတဲ့ ကစားသမားဖြစ်ပါတယ်။
သူဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၇၅ ပွဲကစားပြီး ၃၄၄ ဂိုး သွင်းယူခဲ့သလို လက်ရှိကလပ် ဘာစီလိုနာအတွက်လည်း ၁၅၁ ပွဲကစားပြီး ၁၀၃ ဂိုးသွင်းယူထားပါတယ်။
Photo: Reuters










