DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် ကုန်တင်ကား အစီး ၅၀ ခန့်ကို စစ်တပ်ဖမ်းဆီး
DVB
·
September 19, 2025
ကျိုက်ထိုတွင် ကုန်တင်ကား အစီး ၅၀ ခန့်ကို စစ်တပ်ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ကုန်တင်ကား အစီး ၅၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ တလဝန်းကျင်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

အခုဖမ်းဆီးခံထားရတဲ့ ကားတွေဟာ ဩဂုတ် ၂၀ ရက်ဝန်းကျင်က ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ အခွန်ဆောင်ပြီး လွှတ်ပေးလိုက်တဲ့ကားတွေ ဖြစ်ပြီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ် မရောက်ခင် ကျိုက်ထိုမြို့မှာ ထပ်မံဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးထားတဲ့ကားတွေကို ကျိုက်ထိုမြို့မရဲစခန်းကတဆင့် ခလရ ၉၆ နဲ့ ဘိုက်ကားကျေးရွာက ခလရ  ၂ တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့ခံ အမျိုးသမီးတယောက်က “၆ လပိုင်းလောက်တည်းက ဘလက်ကားတွေဖမ်းရင်း ကားတွေ အကုန်ဖမ်းနေတာပေါ့။ ဒီကားတွေက ဘားအံကနေ လွှတ်ပေးပြီး ညောင်ခါးရှည်မရောက်ခင် ထပ်အဖမ်းခံလိုက်ရတာ။ မြို့ထဲမှာ အကုန်ဖမ်းပြီးတော့ ပစ္စည်းတွေချစစ်ပြီး အရင်က ရဲစခန်းမှာထားတယ်။ အခုက ဘိုက်ကားက တပ်ထဲမှာရော ၉၆ တပ်ထဲက ဘောလုံးကွင်းမှာလည်း အပြည့်ပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ကားတွေနဲ့အတူ ကားသမားတွေပါ စစ်တပ်ထဲမှာရှိနေပြီး တချို့ကိုတော့ စစ်မှုထမ်းကျောင်းတွေ ပို့ဆောင်ခံကြရတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ကျိုက်ထိုမြို့ခံ အမျိုးသားတယောက်က “ကားတွေကလည်း တပ်ထဲမှာ ရပ်ထားတာကြာနေပြီး Owner လာပြန်ရွေးတာပဲ စောင့်နေသလားပေါ့နော်။ ပစ္စည်းတွေကတော့ ကားပေါ်မှာပဲ ကားသမားတွေလည်း ကားနဲ့ပဲရှိတယ်။ အဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်း လမ်းမှာ သွားသမျှကားတွေ အကုန်ဖမ်းနေတာ။ ယိုးဒယားပစ္စည်းဆို ဖိနပ်တောင် တွေ့လို့မရဘူး ဖမ်းတာ” လို့ ပြောပါတယ်။

ကျိုက်ထိုမြို့မှာတော့ ထိုင်းပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတဲ့အတွက် ယိုးဒယားပစ္စည်း အရောင်းဆိုင်တွေလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013