
အာဖဂန်နစ္စတန်နိုင်ငံက တက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတန်းတွေထဲကနေ အမျိုးသမီးတွေ ရေးသားပြုစုတဲ့ စာအုပ်တွေကို တာလီဘန်အစိုးရက ဖယ်ရှားလိုက်ပါတယ်။
ဒါ့အပြင် အင်တာနက်ဟာ ကိုယ်ကျင့်တရား ပျက်ယွင်းစေတယ်ဆိုပြီး တာလီဘန် ခေါင်းဆောင်ကြီးရဲ့ အမိန့်နဲ့ ပြည်နယ် ၁၀ ခုမှာ ပိတ်ပင်ဖို့လည်း ဒီတပတ်ထဲမှာပဲ အမိန့်ထုတ်ခဲ့ပါတယ်။
စာအုပ်တွေပိတ်တာဟာ လူ့အခွင့်အရေး၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုနဲ့ အမျိုးသမီးရေးရာ ဘာသာရပ်တွေကို ပစ်မှတ်ထား ပိတ်ပင်မှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
“ဓာတုဓာတ်ခွဲခန်းအတွင်း ဘေးကင်းရေး” ဆိုတဲ့ လက်စွဲစာအုပ်မျိုးကအစ အမျိုးသမီးတွေ ရေးသားပြုစုထားတဲ့ စာအုပ် ၁၄၀ ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ဒီစာအုပ်တွေဟာ ရှာရီးယားဥပဒေနဲ့ တာလီဘန်မူဝါဒတွေကို ဆန့်ကျင်တယ်လို့ သတ်မှတ်ခံရတဲ့ စာအုပ် ၆၈၀ ကျော်ထဲမှာ ပါဝင်နေပါတယ်။
ဒါ့အပြင် တက္ကသိုလ်တွေမှာ ဘာသာရပ် ၁၈ မျိုးကိုလည်း သင်ကြားခွင့် ပိတ်ပင်လိုက်ပြီး အဲဒီထဲက ၆ မျိုးဟာ “ကျား၊ မ ရေးရာနှင့် ဖွံ့ဖြိုးတိုးတက်မှု”၊ “အမျိုးသမီး လူမှုဗေဒ” တို့လို အမျိုးသမီးရေးရာကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်။
ဒီပိတ်ပင်မှုမှာ အီရန်စာရေးဆရာတွေရဲ့ စာအုပ် ၃၀၀ ကျော်လည်း ပါဝင်နေပြီး အီရန် အတွေးအခေါ်တွေ စိမ့်ဝင်လာမှာကို တားဆီးဖို့ ရည်ရွယ်တယ်လို့ တာလီဘန်တွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ် တာလီဘန်တွေ အာဏာရလာပြီးနောက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ကန့်သတ်မှုတွေထဲမှာ ဒါဟာ နောက်ဆုံးဖြစ်ပါတယ်။
စည်းမျဉ်းတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အဓိက သက်ရောက်မှုရှိခဲ့ပြီး မိန်းကလေးတွေ ခြောက်တန်းအထက် ပညာသင်ကြားခွင့် မရှိတော့သလို သားဖွားဆရာမ သင်တန်းတွေလို နောက်ဆုံးကျန်ရှိတဲ့ သင်တန်းတွေကိုပါ ပိတ်သိမ်းခဲ့ပါတယ်။
Photo:Reuters










