
စာအုပ်တွေကိုချစ်တဲ့ မိတ်ဆွေကြီး။ သူနဲ့ကျနော်က လူမသိ သူမသိ စာပေမိတ်ဆွေတွေလို့ ပြောလို့ရပါတယ်။ သူနဲ့ ကျနော် စသိကြတာ မိုးရာသီ သစ်ပင်စိုက်ပွဲတခုမှာပါ။ လူတယောက်က “ခင်ဗျားလိုပဲ စာဖတ်ဝါသနာပါသူတယောက်ပဲ” လို့ မိတ်ဆက်ပေးရာကနေ သိကျွမ်းလာကြသူတွေပါ။
ဒီနောက်ပိုင်းတော့ စာအုပ်တွေ ဖလှယ်ကြ၊ စာအကြောင်း ပေအကြောင်း ပြောကြနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ ကျနော်နဲ့ စာအုပ်ဖလှယ်ဖတ်ကြသူတွေက ခပ်ရှားရှားပါပဲ။ ကျနော်က ဖတ်ပြီးတဲ့စာအုပ်ကို အပြတ်လှူလိုက်တာမျိုးတွေပဲ လုပ်ဖြစ်တယ်။ မိတ်ဆွေကြီးကတော့ ကျနော့်ထက် ပိုလုပ်နိုင်တဲ့ အရာတခု ရှိပါတယ်။ စာအုပ်တွေကို စာကြည့်တိုက်ကိုရောက်အောင် ဆက်သွယ်လှူဒါန်းတာတွေ လုပ်ဖြစ်နေတာပါ။ ကိုယ်ဖတ်ပြီးတဲ့ စာအုပ်တွေထဲက လှူချင်တာဆို သူ့ကို လူကိုယ်တိုင် လာပေးကြတယ်။ သူကတဆင့် ပြန်လှူပေါ့။
အာဏာသိမ်းလိုက်တဲ့နောက်မှာ သူနဲ့ အဆက်အသွယ် ခဏပြတ်သွားတယ်။ အဆက်အသွယ် ပြန်ရတော့ အခုလိုအခြေအနေမျိုးမှာ စာအုပ်တွေကို စာကြည့်တိုက်တွေဆီ လှူတာတွေ လုပ်ဖြစ်နေသေးတာကို သိရတယ်။ ဒီထက်ပိုပြီး သူလုပ်ဖြစ်နေတာက မတရားဖမ်းဆီးခံရတဲ့ လူငယ်တွေ၊ စစ်ကောင်စီက အဓမ္မဖမ်းဆီးပြီး ထောင်ချခံထားရတဲ့သူတွေ စာဖတ်လို့ရအောင် အင်းစိန်ထောင်ထဲကို စာအုပ်တွေရောက်အောင် သူပို့ပေးနေတာကို သိရပါတယ်။
မိတ်ဆွေကြီးနဲ့ ကျနော် နောက်ဆုံးတခေါက် တွေ့ခဲ့တာက ရန်ကုန်မြို့ရဲ့ လက်ဖက်ရည်ဆိုင် တခုမှာပါ။ ဖတ်ပြီးတဲ့စာအုပ်တွေထဲက စာအုပ်ထုပ်တထုပ်ကို သူ့ကိုပေးရင်း ကျနော် တနေရာကို ထွက်တော့မယ့်အကြောင်း လာပြောပြတာပါ။ ကျနော်တို့ တနေ့ပြန်ဆုံကြမယ်ဗျာလို့ ပြောပြီး ကျနော်လည်း မြို့ပြကနေ ထွက်ခွာလာခဲ့လိုက်တယ်။
မိတ်ဆွေကြီးကတော့ မြို့ပြမှာနေရင်း သူလုပ်နေကျ အလုပ်တွေကို ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ စာအုပ်တွေ ပေးပို့နေတဲ့ အလုပ်ကို တိုးချဲ့ပြီးတောင် လုပ်နေတာပါ။ သူ့အကြောင်းတွေကို မေးမိတော့ ကျေနပ်ပီတိ ဖြစ်ရတယ်။ အခုတော့ တော်လှန်ရေးနယ်မြေတွေထဲက နေရာတချို့ကို စာအုပ်တွေ ပေးပို့နေတာပါ။ တော်လှန်ရေးနယ်မြေတွေထဲက စာကြည့်တိုက်တွေဆီရောက်အောင် ကြိုးစားပေးနေဆဲလည်း ဖြစ်ပါတယ်။
ယောဒေသ၊ ကရင်နီဒေသ၊ အညာဒေသတွေက စာကြည့်တိုက်တွေဆီကို ဖတ်စရာစာအုပ်တွေ ပို့ပေးတာ ခုဆိုရင် ဆယ်ကြိမ်မကတော့ဘူးလို့ ပြောပါတယ်။
စာကြည့်တိုက်ဆိုတာ “ဉာဏအလုပ်ရုံ၊ လောကရဲ့ပြတင်းပေါက်၊ လူထုတက္ကသိုလ်၊ အသံတိတ်တက္ကသိုလ်၊ နိုင်ငံရဲ့ ဦးနှောက်” ဖြစ်တယ်။ လောကရဲ့ ပြတင်းပေါက်လို့လည်း ဖွင့်ဆိုနိုင်တယ်။ လူထုတက္ကသိုလ်လို့လည်း ယူဆနိုင်တယ်။ အသံတိတ်တက္ကသိုလ်လို့လည်း သတ်မှတ်နိုင်တယ်။ ရတနာသိုက်လို့လည်း သတ်မှတ်နိုင်သလို နိုင်ငံရဲ့ ဦးနှောက်လို့လည်း သတ်မှတ်နိုင်တယ်လို့ ဒေါက်တာတင်ထွန်းဦးရဲ့ ဖွင့်ဆိုချက်ကို ဖတ်မိလိုက်ပါတယ်။
မိတ်ဆွေကြီးတယောက် အသံတိတ်တက္ကသိုလ်တွေဆီ စာအုပ်တွေ အရောက်ပို့ပေးနေတာကို ကြိတ်ပြီးတော့ ဂုဏ်ယူလို့မဆုံးပါဘူး။ သူ့အတွက်ကိုလည်း စိုးရိမ်စိတ်ဖြစ်မိတယ်။ မြို့ပြမှာ စာအုပ်ထုပ်တွေကို သယ်ရပိုးရတဲ့အခါ စစ်ဆေးခံရတာမျိုးနဲ့ ကြုံရမှာကို စိုးရိမ်မိတာပါ။ မိတ်ဆွေကြီးကတော့ ခပ်တည်တည်ပဲ စာအုပ်တွေ ပေးပို့နေဆဲပါ။
အခုလို စာအုပ်တွေပို့နေတာ စိုးရိမ်စိတ် မဖြစ်မိဘူးလားလို့ မေကြည့်တော့ “စိုးရိမ်စိတ် တကယ်ဖြစ်မိတယ်။ စစ်ကားမြင်တာနဲ့ကို ကြောက်နေတာ။ ထောင်စာအုပ်တွေ ဖတ်ပြီးတော့ စိုးရိမ်စိတ်ကို ဖြေရတာပဲ” လို့ ပြောပါတယ်။
သူပြောတဲ့ ထောင်စာအုပ်တွေဆိုတာ ထောင်ကျခဲ့ဖူးသူတွေ ပြန်ရေးထားတဲ့ စာအုပ်တွေကို ပြောတာပါ။ သူ အခုလို စာအုပ်တွေပို့နေတာကို အစစ်အဆေးခံရရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အရာတွေကို အဆုံးစွန်အထိ တွေးထားပြီး လုပ်နေတာပဲ ဖြစ်ပါတယ်။
မြို့ပြကနေ စာအုပ်တွေ ပို့ပေးရတာ လွယ်တော့မလွယ်ဘူး။ လျှို့ဝှက်ရတာမျိုးဆိုတာက အရဲစွန့်ပြီး လုပ်ရတာပါ။ မိတ်ဆွေကြီးက တခါတလေမှာ တနေရာကနေ စာအုပ်ထုပ်ကို လာယူလို့ ပေးလိုက်ရတာ ရှိသလို တခါတရံမှာတော့ ကားဂိတ်ကိုရောက်အောင် ထမ်းပို့ပေးရပါတယ်။
တော်လှန်နယ်မြေက ကလေးတွေ ဖတ်ဖို့အတွက် စာအုပ်အမျိုးအစားတွေကို ရွေးပို့ရတာရှိတယ်။ စာအုပ်တွေက ကိုယ်တိုင် လစာထဲက ဖဲ့ပြီး ဝယ်တာရှိသလို စာအုပ်အလှူခံရတာတွေလည်း လုပ်ရတယ်။ စာအုပ်အလှူခံတဲ့အခါ ပြောရတဲ့အရာတခု ရှိပါတယ်။
“တက်ကျမ်းစာအုပ်တွေ မပို့ဖြစ်ဘူး။ အစကတည်းက အဲလိုစာအုပ်တွေ မပေးပါနဲ့လို့ ကြိုပြောထားရတယ်။ တောထဲက ကလေးတွေ တက်ကျမ်းဖတ်နေလို့ အဆင်မပြေလောက်ဘူး မဟုတ်လား။ အခုအခြေအနေနဲ့ ဘေဘီလုံမှာ အချမ်းသာဆုံး ဆိုတာမျိုး ပါလာရင်တော့ မပို့ဘဲ ဖယ်ထားလိုက်တယ်”
သူရွေးပို့ဖြစ်တဲ့ စာအုပ်တွေက ဘဝသရုပ်ဖော်၊ နိုင်ငံရေး၊ ဆောင်းပါး၊ အက်ဆေးတွေအပြင် ကလေးတွေအတွက် တွတ်ပီ၊ ပိုးဇာ၊ ရွှေသွေး၊ ပုံပြင်၊ ရုပ်ပြ စာအုပ်တွေကို ပို့ပေးနေတာလို့ ပြောပါတယ်။
“သူတို့ဖတ်ရတယ်ဆိုတော့ ပျော်ရတာပေါ့ဗျာ”
သူပို့ပေးတဲ့ စာအုပ်တွေကို ကလေးတွေ ဖတ်ရတဲ့အခါ ဘယ်လိုခံစားမိလဲမေးတော့ အခုလိုပဲ တိုတိုပြတ်ပြတ် ပြန်ပြောတာပါ။ အညာသားပီပီ ဟိတ်ဟန်မပါဘဲ ပြောတတ်သူပါ။ စာရေးတဲ့အခါများမှာတော့ ဘယ်ကဘယ်လို ထွက်ကျလာမှန်းမသိတဲ့ စကားလုံးတွေနဲ့ စီကာစဉ်ကာ ရေးတတ်သူပါ။
ကလေးတွေမျက်နှာကိုမြင်ပြီး သူခံစားမိတဲ့ ကဗျာတပုဒ်ကို ပို့လာပါတယ်။ ဆရာအောင်ချိမ့်ရဲ့ ကဗျာပါ။
မင်းလားကွ ဟမ်ဘာဂါ
မင်းလားကွ ဟမ်ဘာဂါ
မင်းလားကွ ဟမ်ဘာဂါ
အောင်ချိမ့်
အရင်က ကဗျာကို ဒီလောက်မခံစားမိဘူးလို့ ပြောလာတယ်။ အခုတော့ ဟမ်ဘာဂါ မစားနိုင်တဲ့ အခြေအနေ ရောက်လာတော့ နားလည်သွားမိတာ။ သူ့ကြိမ်းဝါးသံက အခုခေတ် မကျေနပ်တဲ့ အသံတွေကို ကိုယ်စားပြုတာပဲ ဆိုတာကို မိတ်ဆွေကြီးက ခံစားမိလိုက်တယ်လို့ ဆိုပါတယ်။
မြို့ပြလူထုကြီးက ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ရိုက်ခတ်ချက်ကို ခံစားနေကြရတာပါ။ စာအုပ်ဈေးနှုန်းတွေကလည်း အရင်ကထက် နှစ်ဆ၊ သုံးဆမက ထိုးတက်လာလို့ မိတ်ဆွေကြီးတယောက် စာအုပ်ဝယ်တဲ့အခါ အပြောင်းအလဲတခု လုပ်ရပါတယ်။ သူလုပ်ရတဲ့ အပြောင်းအလဲက စာအုပ်အသစ်တွေကို မဝယ်တော့ဘဲ ရေစိုစာအုပ်တွေကို ရှာဝယ်တာပါ။ ရေစိုစာအုပ်တွေက စာအုပ်အသစ်တွေထက် ဈေးသက်သာလို့ပါ။
မြို့ပြမှာတော့ စာအုပ်အဟောင်းတန်းကို ရောက်လာတဲ့သူတွေ များလာတာကို တွေ့ရတယ်။ စာအုပ်အဟောင်းတန်းတခေတ် ပြန်လာတာလားလို့ တချို့က မှတ်ချက်ချကြတယ်။ စာအုပ်ဈေးတွေကြီးလို့ မိတ်ဆွေကြီးတို့လို စာအုပ်အသစ် မဝယ်နိုင်ကြသူတွေ စာအုပ်အဟောင်းတန်းမှာ ရေစိုစာအုပ်တွေ ရှာဝယ်ကြသူတွေ များလာတာလို့ပဲ ထင်မိပါတယ်။ စာအုပ်အဟောင်းတန်း ရောက်လာကြသူတွေက မိတ်ဆွေကြီးလို ရေစိုစာအုပ် ရှာဝယ်ကြသူတွေ ဟုတ်ချင်မှ ဟုတ်မှာပါ။
မိတ်ဆွေကြီးတယောက်ကတော့ သူ့ကိုယ်ပိုင်လစာထဲက စာအုပ်အသစ်တွေဝယ်ပြီး တော်လှန်နယ်မြေက စာကြည့်တိုက်တွေဆီ မပေးပို့နိုင်တော့ပေမဲ့ စာအုပ်အဟောင်းတန်းက ရေစိုစာအုပ်တွေကို ရှာဝယ်ပြီး သူကိုယ်တိုင်လည်းဖတ်၊ တော်လှန်နယ်မြေက ကလေးတွေဆီလည်း ပို့ပေါ့။
မြို့ပြကနေ တော်လှန်ရေးနယ်မြေတွေဆီက စာကြည့်တိုက်တွေရှိရာကို စာအုပ်တွေ အရောက်ပို့ပေးနိုင်ဖို့ဆိုတာ ခြေသံလုံမှ ရတာပါ။ အရာရာကို သတိထား ဆောင်ရွက်ရပါတယ်။ မိတ်ဆွေကြီးရဲ့ တခုတည်းသော ရည်ရွယ်ချက်က တော်လှန်ရေးနယ်မြေက ကလေးတွေ စာဖတ်ခွင့် ရဖို့ပါပဲ။ ကန့်သတ်ချုပ်ချယ်ထားတဲ့ နေရာကနေ တော်လှန်ရေးနယ်မြေက ကလေးတွေဆီကို စာအုပ်တွေ အရောက်ပို့ပေးနေဦးမှာလို့ ပြောပါတယ်။
တာပလု