
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အတွင်းမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၄ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံး Drone တပ်ဖွဲ့ (Wings of Kalay) က စက်တင်ဘာ ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Wings of Kalay ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “သူတို့ ပြည်သူ့စစ် (ပစ) ၁၄ ယောက်က ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေထဲမှာ အလင်းဝင်ရောက်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ထဲက ၇ ယောက်က လက်နက်ပါလာပြီးတော့ ကျန် ၇ ယောက်ကတော့ လက်နက်ပါမလာကြပါဘူးဗျ” လို့ ပြောပါတယ်။
လက်နက်နဲ့အတူ အလင်းဝင်ရောက်လာကြသူတွေဟာ MA3 သေနတ် ၅ လက်၊ MA1 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၉ လုံး၊ ၆၀ မမ လက်နက်ကြီးကျည် ၄ ဖူး၊ အီနာဂါဗုံးသီး ၃ လုံး၊ ကျည်ဘောက် ၁၅ ခု၊ ၅.၅၆ ကျည် အတောင့်ရေ ၁,၂၀၀ တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
Wings of Kalay ရဲ့ တာဝန်ရှိသူတယောက်က “အခုအလင်းဝင်လာကြသူတွေဟာ စစ်တပ်ရဲ့ မတရားပေါ်တာဆွဲ ဖမ်းဆီးခံရပြီးတော့ စစ်မှုထမ်းနေရတဲ့ တိုင်းရင်းသား လူငယ်လူရွယ်လေးတွေ ဖြစ်ပြီးတော့ ကလေး-တီးတိန် လမ်းပိုင်းပေါ်က စစ်အင်အား ၃၀၀ လောက်နဲ့ ဖြန့်ကြက်ထားတဲ့ စစ်ကြောင်းတွေထဲကဖြစ်ပါတယ်။ လက်နက်ပါလာတဲ့သူတွေကိုတော့ အရေးပေါ်ဆုကြေးငွေအဖြစ် တယောက်ကို ကျပ်သိန်း ၃၀ စီ ပေးအပ်ထားပါတယ်” လို့ ပြောပါတယ်။
ကလေးခရိုင်မှာရှိတဲ့ စစ်တပ်ရဲ့ မတရားပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူတွေ အနေနဲ့ အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံး Wings of Kalay ဒရုန်းတပ်ဖွဲ့ဟာ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။










