
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အွန်လိုင်းဂိမ်း လောင်းကစားကြွေး တင်နေတာကြောင့် လူသတ်ပြီး ငွေယူ၊ အလောင်းကို စွန့်ပစ်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို စက်တင်ဘာ ၁၇ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အွန်လိုင်း လောင်းကစားကြောင့် ဖြစ်ရတဲ့ ပြဿနာပါ။ စက်တင်ဘာ ၁၅ ရက်၊ မနက်ပိုင်းက မိတ္ထီလာမြောက်ကန်ရဲ့ ရေအစပ်မှာ စောင်နဲ့ထုပ်ပိုး စွန့်ပစ်ခဲ့တဲ့ အလောင်းကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာ။ တရားခံတွေကို သူတို့နေထိုင်တဲ့ ရွာတော်ကျေးရွာရှိ နေအိမ်တွေကနေပဲ ဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။
မိတ္ထီလာမြို့မှာ အသက် ၃၀ အရွယ် ဇင်မင်းထက် အသတ်ခံရပြီး အလောင်းကို စောင်နဲ့ထုပ်ကာ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်နယ်မြေ မြောက်ကန်စောင်းမှာ စက်တင်ဘာ ၁၅ ရက်က စွန့်ပစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာမှာ နေထိုင်ကြတဲ့ ဇော်လှိုင်းနဲ့ ဇာနည်အောင်တို့ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက သေဆုံးသူ ဇင်မင်းထက်ဟာ ဝက်တွေ ရောင်းဖို့အတွက် ဇော်လှိုင်း၊ ဇာနည်အောင်တို့နဲ့အတူ မန္တလေးမြို့ကို ကားနဲ့သွားရောက်ခဲ့ပြီး အဲဒီနေ့ ညပိုင်းမှာ မိတ္ထီလာမြို့အထိ ပြန်ဆင်းကာ အောင်ဆန်းမြို့သစ်ထဲက တည်းခိုခန်းတခုမှာ ညအိပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အွန်လိုင်းဂိမ်းကစားရာကနေ အကြွေးတင်နေတဲ့ ဇော်လှိုင်းက သူ့အကြွေးဆပ်ဖို့အတွက် ဇင်မင်းထက်ရဲ့ ဝက်ရောင်းရငွေ ကျပ်သိန်း ၄၇ဝ ကို အပိုင်ရယူဖို့ ဇာနည်အောင်နဲ့ တိုင်ပင်ပြီး တခန်းတည်း အတူအိပ်နေတဲ့ ဇင်မင်းထက်ကို စက်တင်ဘာ ၁၅ ရက်၊ မနက် ၂ နာရီခန့်မှာ ဓားနဲ့ထိုးကာ ပူးပေါင်းသတ်ဖြတ်လိုက်ကြတာလို့ ဖမ်းဆီးခံရသူတွေက ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ဇင်မင်းထက်ရဲ့ ရုပ်အလောင်းကို တည်းခိုခန်း ခုတင်ပေါ်က အနီရောင် ဂွမ်းစောင်နဲ့ ပတ်ပြီး မိတ္ထီလာမြောက်ကန်ရဲ့ ရေအစပ်မှာ သွားရောက်စွန့်ပစ်ပြီးမှ ငွေထုပ်ကိုယူကာ ရွာတော်ကျေးရွာဆီ ကားမောင်းပြန်ခဲ့ကြရင်းနဲ့ လူသတ်ရာမှာ အသုံးပြုတဲ့ ဓားကို ဒီးဒုတ်စံပြကျေးရွာ ကားလမ်းဘေးမှာ လွှင့်ပစ်ခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “တရားခံ ၂ ယောက်နဲ့အတူ သတ်ဖြတ်ခံရသူရဲ့ ငွေကျပ် သိန်း ၄၇၀ ထဲက ၃၅၀ ပြန်လည်သိမ်းဆည်းရမိထားပါပြီ။ သိန်း ၁၂၀ ကတော့ ဇော်လှိုင်းနဲ့ ဇာနည်အောင်တို့က သုံးထားတယ်။ အခု တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်” လို့ ဆက်ပြောပါတယ်။
လက်ရှိမှာ လူသတ်၊ အလောင်းဖျောက်၊ ငွေယူမှုနဲ့ ဇော်လှိုင်းနဲ့ ဇာနည်အောင်တို့ ၂ ယောက်ကို မိတ္ထီလာမြို့နယ်၊ အမှတ် ၂ နယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂/၃၉၄/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။










