DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် Game Caller အလုပ် လုပ်ကိုင်သူများလာ
DVB
·
August 14, 2026
Photo: TikTok
Photo: TikTok
Donate to DVB

နေအိမ်ကနေ အွန်လိုင်းဂိမ်းဆော့လိုသူတွေကို ဖုန်းဆက်ရှာဖွေပေးရုံနဲ့ တလကို လစာ ကျပ် ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင်အထိ ရတာကြောင့် ရန်ကုန်မှာ Game Caller အလုပ် လုပ်ကိုင်သူ များလာတယ်လို့ အဆိုပါလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

Game Caller အလုပ်ဟာ နေ့စဥ် ဂိမ်းကုမ္ပဏီက ချပေးတဲ့ ဖုန်းနံပါတ် ၂၀၀ ကနေ ၃၀၀ အထိကို ဖုန်းဆက်ပြီး ဂိမ်းဆော့ဖို့ ပြောရတဲ့အလုပ်ဖြစ်ပြီး တဘက်က ပြန်လည်ပြောဆိုမှုကို သည်းခံနိုင်မှသာ လုပ်လို့ရတာလို့ လုပ်ကိုင်နေသူတယောက်က DVB ကို ပြောပါတယ်။

"တရက်ကို ဂိမ်းကုမ္ပဏီက ဖုန်းနံပါတ် ၂၀၀ တခါတလေ ၃၀၀ ချပေးတယ်။ သူတို့ပေးတဲ့ ဖုန်းနံပါတ်တွေကို ဂိမ်းဆော့ဖို့ ဖုန်းဆက်ရတာ၊ တဖက်လူက ဆဲတာပဲဖြစ်ဖြစ် ဘယ်လိုပဲပြောပြော ဘာမှပြန်ပြောလို့မရဘူး သည်းခံရတယ်။ သည်းခံမှပဲ ဒီအလုပ်ကို လုပ်လို့ရတာ။ လစာက ၆ သိန်း ဘောနပ်စ်က ၃ သိန်းခွဲ တလ ၉ သိန်းခွဲ၊ တခါတလေ ၁၁ သိန်းလောက်ရတယ်။”

ဂိမ်းဆော့ဖို့ ပြောရုံတင်မဟုတ်ဘဲ တပတ် ဒါမှမဟုတ် တလအတွင်း ဂိမ်းဆော့မဲ့သူ ၁၀ ယောက်ကနေ ၁၅ ယောက်အထိ ရှာပေးရပြီး သတ်မှတ်လူဦးရေမပြည့်ရင် ကုမ္ပဏီဘက်က ဆဲဆိုကြိမ်းမောင်းတာ၊ လစာဖြတ်တောက်တာတွေ ရှိတယ်လို့ သိရပါတယ်။

Game Caller အလုပ်တွေကို လူမှုကွန်ရက်မှာ Work For Home အလုပ်ခေါ် ကြော်ငြာတွေမှာ သွားရောက်ရှာဖွေရတာဖြစ်ပြီး အင်တာဗျူးနဲ့ အလုပ်ခေါ်ယူတာကို အွန်လိုင်းပေါ်မှာသာ လုပ်တယ်လို့ Game Caller လုပ်ကိုင်ခဲ့သူတယောက်က DVB ကို ပြောပါတယ်။

"အွန်လိုင်းပေါ်မှာ တရားဝင်ကြီး ခေါ်တာမျိုး မဟုတ်ဘူး။ သူ့အဆက်အသွယ်နဲ့သူမှ လုပ်လို့ရတာ။ အင်တာဗျူးကိုလည်း လိုင်းပေါ်မှာပဲလုပ်တာ။ အလုပ်ရသွားရင် လစာနဲ့လုပ်မလား၊ ရာခိုင်နှုန်းစားနဲ့ လုပ်မလား၊ ကြိုက်တာရွေးချယ်ပြီး လုပ်လို့ရတယ်။ ဥပဒေနဲ့မလွတ်ကင်းဘူးဆိုတာ သိပေမဲ့ ပြည်တွင်းမှာက ရတဲ့လစာနဲ့ တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး လူတွေက လုပ်ကြတာ။”

Work For Home Game Caller အလုပ်ကို အိမ်ရှင်မတွေ၊ ကျောင်းတက်ရင်း အလုပ်လုပ်ချင်သူတွေနဲ့ မိသားစုစားဝတ်နေရေး အဆင်မပြေတဲ့ အိမ်ထောင်စုတွေက အမျိုးသမီးငယ်တွေ အများဆုံး လုပ်လေ့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

၂၀၂၃ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အွန်လိုင်းဂိမ်းကစားသူတွေနဲ့ ဦးဆောင်လုပ်ကိုင်သူတချို့ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ ဆင်းရဲမွဲတေပြီး အလုပ်အကိုင် ရှားပါးလာတာနဲ့ ကုန်စျေးနှုန်းတွေ ကြီးမြင့် ဝင်ငွေနဲ့ ထွက်ငွေ မမျှတာကြောင့် လူငယ်တွေဟာ ကြံရာမရတဲ့အဆုံးမှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ ဝင်လုပ်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013