
သမ္မတ ဒန်နီရယ်အော်တေဂါ ဦးဆောင်တဲ့ နီကာရာဂွါအစိုးရကို ပြတ်ပြတ်သားသားဝေဖန်သူ ပြည်နှင်ဒဏ်ခံ နီကာရာဂွါ စစ်ဘက်အရာရှိဟောင်းတယောက် ဇွန်လအတွင်း အသတ်ခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၄ ယောက်ကို ကိုစတာရီကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
လက်ဝဲယိမ်း ဆန်ဒိနစ္စတာ ဆိုရှယ်လစ်နိုင်ငံရေးပါတီ အဖွဲ့ဝင်ဖြစ်တဲ့ အငြိမ်းစား ဗိုလ်မှူး ရောဘတ်တို ဆမ်ကမ် ဟာ ကိုစတာရီကန်မြို့တော် ဆန်ဟိုဆေး မြို့ပြင်ရှိ သူ့ရဲ့ကွန်ဒိုတိုက်ခန်းမှာ ပစ်သတ်ခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ သေနတ်သမားနဲ့ ဆမ်ကမ်ကို သတ်ဖို့ အမိန့်ပေးသူတွေအကြားမှာ ကြားခံအဖြစ် ဆောင်ရွက်နေသူလို့ သံသယရှိသူတယောက်လည်း ပါရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ သတ်ဖြတ်မှုနောက်ကွယ်မှ အဓိကစီစဉ်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ဆမ်ကမ် အသတ်ခံရမှုနဲ့ ကိုစတာရီကာ ပြင်ပရှိ တခြားနိုင်ငံတို့အကြား ဆက်စပ်မှုကို အခုချိန်ထိ မဖော်ထုတ်နိုင်သေးကြောင်း ကိုစတာရီကာရဲ့ တရားစီရင်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ ရန်းဒေါလ် ဇူနီဂါ က ပြောပါတယ်။
ဒီအမှုမှာ အဓိကတာဝန်ရှိသူ ဘယ်သူဆိုတာကို ဆုံးဖြတ်ထားပြီးသားပေမဲ့ ဒီမှာပဲ ရပ်သွားမှာ မဟုတ်ဘဲ ဒီအမှုကို ဘယ်သူတွေက အမိန့်ပေးခဲ့တာလဲ ဆိုတာထိပါ ရှင်းပြနိုင်အောင် ဆက်သွားချင်ကြောင်းလည်း သူက ဆိုပါတယ်။
ဒါဟာ အမိန့်တခု ဖြစ်နိုင်ပြီး ဒီလူကို သတ်ဖြတ်ဖို့ အမိန့်ပေးတာက နီကာရာဂွါအာဏာပိုင်တွေ ဒါမှမဟုတ် နီကာရာဂွါစစ်တပ်က ဖြစ်နိုင်တယ်လို့လည်း ပြောဆိုပါတယ်။
၂၀၁၈ ခုမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားပြီးနောက်မှာ နီကာရာဂွါ အတိုက်အခံပုဂ္ဂိုလ်အများအပြားဟာ ကိုစတာရီကာနိုင်ငံ ထွက်ပြေးခဲ့ကြတာပါ။
ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းခဲ့လို့ လူရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ ဖြိုခွင်းနှိမ်နင်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သမ္မတ အော်တေဂါရဲ့ စစ်တပ်ကို ဆန်ကမ်က ဝေဖန်ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











