အတိုက်အခံတွေ အာဏာရမလာအောင် ဟန့်တားဖို့အတွက် ရွေးကောက်ပွဲ ထပ်မလုပ်တော့ဘူးလို့ နီကာရာဂွါနိုင်ငံကို နှစ် ၂၀ နီးပါး အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ သမ္မတ ဒန်နီယယ် အော်တေဂါက ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၁၉ ရက်က ပြုလုပ်တဲ့ ၄၇ နှစ်မြောက် ဆန်ဒင်နစ်စတာ တော်လှန်ရေးနှစ်ပတ်လည် အခမ်းအနားမှာ အော်တေဂါက အခုလို ကြေညာလိုက်တာပါ။
“သူတို့တွေ အစိုးရအာဏာကို သိမ်းပိုက်ဖို့ ကြိုးစားလို့မရအောင် ဒီနိုင်ငံမှာ ရွေးကောက်ပွဲတွေ ထပ်လုပ်တော့မှာ မဟုတ်ဘူး” လို့ နိုင်ငံပိုင်ဝန်ထမ်း ထောင်ပေါင်းများစွာရှေ့မှာ အော်တေဂါက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တိုင်းပြည်ကိုရောင်းစားတဲ့ သစ္စာဖောက်တွေနဲ့ အာဏာသိမ်းဖို့ ကြံစည်သူတွေကို တားဆီးမဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လွှတ်တော်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။
ရွေးကောက်ပွဲကို လာမဲ့နှစ်မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ လုံးဝဖျက်သိမ်းမလား၊ အတိုက်အခံတွေကိုပဲ ဝင်ပြိုင်ခွင့် ပိတ်ပင်မလားဆိုတဲ့ အသေးစိတ်ကိုတော့ မပြောသွားပါဘူး။
အသက် ၈၀ ရှိပြီဖြစ်တဲ့ အော်တေဂါဟာ ၂၀၂၅ ခုနှစ်ကတည်းက သူ့ဇနီးသည် ရိုဆာရီယို မူရီလိုကို ပူးတွဲသမ္မတတာဝန် ပေးထားပြီး မိသားစုအာဏာရှင်စနစ် တည်ဆောက်နေသူ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ သူတို့ရဲ့အုပ်ချုပ်မှုကို မူရီလို-အော်တေဂါ အာဏာရှင်စနစ်လို့ သုံးနှုန်းထားပါတယ်။
သမ္မတ အော်တေဂါဟာ ၂၀၁၈ ခုနှစ်က နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် လူ ၃၅၀ ကျော် သေဆုံးခဲ့ပြီး လူတသန်းနီးပါး တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။
လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၅၀ ဝန်းကျင်ရှိနေပြီး လူ ၅၀၀ ကျော်ကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းထားသလို မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်း ထောင်ပေါင်းများစွာကိုလည်း ပိတ်ပင်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။











