
နီကာရာဂွါနိုင်ငံမှာ သမ္မတ ဒယ်နီယယ်အော်တေဂါ ဦးဆောင်တဲ့ နီကာရာဂွါအစိုးရကို ဝေဖန်ဆန္ဒပြခဲ့ပြီး ကိုစ်တာရီကာ ဗဟိုအမေရိကနိုင်ငံကို တိမ်းရှောင်သွားခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးဟောင်း ရောဘတ်တို ဆမ်ကမ်ဟာ ဇွန် ၁၉ ရက်က အသတ်ခံခဲ့ရကြောင်း သူ့ဇနီးနဲ့ နီကာရာဂွါ အတိုက်အခံပါတီ UNAMOS က ပြောပါတယ်။
လက်ဝဲယိမ်း ဆန်ဒီနစ္စတာ အဖွဲ့ဝင် အငြိမ်းစားဗိုလ်မှူးဟောင်း ဆမ်ကမ်ဟာ ဆန်ဟိုဆေး မြို့တော်ရဲ့ မြို့စွန်ပိုင်းရှိ သူ့ရဲ့ ကွန်ဒိုမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဇနီးဖြစ်သူ ကလောက်ဒီယာ ဗားဂတ်စ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တိုက်ခိုက်သူဟာ သူ့ကိုယ်သူ ပစ္စည်းပို့ယာဉ်မောင်းတယောက်အဖြစ် ပေါ်လာခဲ့ပြီး ဆမ်ကမ်ကို အနည်းဆုံး ၈ ချက်ပစ်ခတ်ပြီးတော့ မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ကြောင်းလည်း ဗားဂတ်စ်က နောက်ပိုင်းမှာ ဒေသခံ မီဒီယာတွေကို ပြောပြပါတယ်။
အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂက စွပ်စွဲခံထားရတဲ့ သမ္မတ ဒယ်နီယယ် အော်တေဂါ ဦးဆောင်တဲ့ နီကာရာဂွါအစိုးရကို ပြတ်ပြတ်သားသားဝေဖန်သူ ဆမ်ကမ်ဟာ ၂၀၁၈ ခုနှစ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက်မှာ ကိုးစ်တားရီကာနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။
အစပိုင်းမှာ လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ၂၀၁၈ ဆန္ဒပြပွဲကနေ ဒီမိုကရေစီ အပြောင်းအလဲကို ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာတဲ့အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲလာခဲ့ပါတယ်။
နောက်ထပ် သမ္မတအော်တေဂါကို ဝေဖန်သူ ယိုအောင် မာလ်ဒိုနာဒိုလည်း ဆန်ဟိုဆေးမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု ၂ ကြိမ်မှ လွတ်မြောက်ခဲ့တာပါ။
၂၀၁၈ ခုနှစ် ဆန္ဒပြပွဲတွေအတွင်း ကျောင်းသားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့တဲ့ မာလ်ဒိုနာဒိုဟာ မနှစ် ဇန်နဝါရီလက အသက်ဘေးက လွတ်မြောက်ခဲ့ပြီး သူ့ရဲ့ အဖော်ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။
Source: Reuters