
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ စစ်မှုထမ်း လူစုဆောင်းမပေးနိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက်ကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းဖို့ လူသစ်စုဆောင်းမပေးနိုင်တဲ့ ငပုတောမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက်ကို စက်တင်ဘာ ၁၁ ရက်က ငပုတောမြို့နယ်ကို အစည်းအဝေးတက်ဖို့ ဆင့်ခေါ်သွားရင်း ဖမ်းဆီးထားတာလို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူက “တခြား ဘာကိစ္စတွေ ထပ်ရှိသေးလို့ ဖမ်းထားတာလဲတော့ မသိဘူး။ လောလောဆယ် သိရတာတော့ စစ်မှုထမ်း လူစုဆောင်းမပေးနိုင်တဲ့ကိစ္စနဲ့ မြို့နယ်ကို အစည်းအဝေးသွားရင်း ဖမ်းထားတာလို့ သိရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၄ ယောက်ဟာ ကန်ချောင်းကျေးရွာအုပ်စု၊ အုတ်ပုံရေကျော်ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်စု၊ ဇီးဖြူဆိပ်ကျေးရွာအုပ်စု စတဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ ဖြစ်ပါတယ်။
ငပုတောမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်ကောင်စီတပ်ပါတဲ့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အစည်းအဝေးခေါ်ရင်းနဲ့ ဖမ်းဆီးထားတာ။ စစ်မှုထမ်းကိစ္စတွေအပြင် တခြားကိစ္စတွေလည်း ရှိမယ်လို့ထင်တယ်။ စစ်ဆေးဖို့ ဖမ်းထားတာလို့ သိရတယ်” လို့ ပြောပါတယ်။
အခုဆင့်ခေါ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းအပတ်စဉ် ၁၇ တခုတည်း စုဆောင်းမပေးနိုင်တာကြောင့် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့က အစည်းအဝေးဆင့်ခေါ်ပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ငပုတောမြို့နယ်မှာ ၂ ကြိမ်အထိ စစ်မှုထမ်း လူစုဆောင်းမပေးနိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။










