မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ကတ်စမဲရိုး အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ကိစ္စ LA Galaxyရဲ့ တောင်းဆိုမှုကြောင့် ကြန့်ကြာနေပါတယ်။
LA Galaxy က သူ့ရဲ့ Discovery Rights အတွက် ပေါင် ၇ သိန်းခွဲ တောင်းဆိုနေတာကြောင့် ဖြစ်ပါတယ်။
ကတ်စမဲရိုးဟာ ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဖလားပွဲတွေ ပြီးတာနဲ့ လီယွန်နယ်မက်ဆီ ရှိနေတဲ့ အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူထားတာပါ။ ဒီလို တောင်းဆိုမှုကြောင့် အပြောင်းအရွှေ့က နှောင့်နှေးနေတာ ဖြစ်ပါတယ်။
LA Galaxy က MLS မှာ ကတ်စမဲရိုးကို အရင်ဆုံး စိတ်ဝင်စားကြောင်း တင်ပြခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ Discovery Rights ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ကတ်စမဲရိုးနဲ့ သူ့ကိုယ်စားလှယ်တွေဟာ Galaxy နဲ့ အစောပိုင်းက ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ မိသားစုနဲ့ မိုင်ယာမီကို သွားရောက်ပြီးနောက် ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းကိုပဲ ပြောင်းရွှေ့ဖို့ သူ ဆုံးဖြတ်ခဲ့တာပါ။
ဒီ Discovery Rights စနစ်ဟာ ကလပ်အသင်းတွေ ဈေးပြိုင်ဆွေးနွေးတာကို ရှောင်ရှားဖို့ ရည်ရွယ်တာဖြစ်ပေမဲ့ ခေတ်မမီတော့ဘူးလို့ အများစုက ယူဆနေကြပါတယ်။










