
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာဘက်ကို ရိက္ခာ၊ လူအင်အား ဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကား ၄ စီးကိုး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၁၂ လုံးဆွဲခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုတွေ အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီခန့်က တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ တံတားကြီးထိပ်မှာ မြိတ်မြို့ကတက်လာတဲ့ ရိက္ခာကား ၂ စီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ပါလာတဲ့ ကား ၂ စီးကို ရမ်းဖိုနဲ့ ကမ်းတိုကျေးရွာကြားမှာ နှစ်နေရာ မိုင်းဆွဲခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မိန်းလမ်းမကြီးတလျှောက်မှာ သွားလာနေတဲ့ ပုံပြောင်းကားတွေပါပဲ။ ရမ်းဖိုတံတားကြီးထိပ်မှာ အရင် ကျနော်တို့အဖွဲ့က မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်တယ်။ အထိနာတာရှိပါတယ်။ အတိအကျတော့ မသိဘူး။ မိုင်းဆွဲပြီးတော့ ကား ၄ စီးမှာ တစီးကျန်ခဲ့တယ်။ ၃ စီးပဲ မောတောင်ဘက်ကို တက်သွားတာပါ။ တစီးက အမြောက်တပ်၊ အောက်ကင်းတပ်တို့နားမှာ ကျန်ခဲ့တယ်။”
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဥ်တန်းကနေ ရှေ့ဆက်တိုးမောင်းနှင်ခဲ့ကာ လမ်းကင်း တာဝန်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ၁၃ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်တာကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီရိုးမဇုန် ၃ နဲ့ မြိတ်ပကဖ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေတဲ့ တနင်္သာရီ-မောတောင် ကားလမ်းပိုင်းက သိန်ခွန်းဘက်ကို စစ်အင်အား၊ ရိက္ခာအင်အားတွေကို ဆက်တိုက်ဖြည့်တင်းလာပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။










