DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
June 20, 2025
တနင်္သာရီတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာနဲ့ ကမ်းတိုရွာကြား ဆီအုန်းကုန်းမှာ စစ်ကောင်စီယာဥ်တန်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မြိတ်ကနေ တနင်္သာရီဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၆ စီးကို ဒေသတွင်း တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က “ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးချိန် ယာဥ်တန်းက ခနရပ်သွားတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဘက်က ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်တယ်။ စကစဘက်က သေဆုံးသူ ၆ ဦးလောက်ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးနောက် ရမ်းဖိုရွာအနီးမှာ လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီရဲ့ ၅၅၆ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အများအပြား ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စကစဘက်က ရိက္ခာကား မိုင်းဆွဲခံလိုက်ရလို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာပါ။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူတော့ မရှိဘူး” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီယာဥ်တန်းကို တနင်္သာရီပကဖဇုန် ၃၊ ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ မြိတ်ပကဖတို့က ပူပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူ မရှိဘူးလို့ ရဲဘော်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာလည်း ဇဝဲ ၅၅၆ တပ်ကနေ ရမ်းဖိုရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ဒေသတွင်း တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013