DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ကြွက်နပေါင်းပင် ဆေးဖက်ဝင်
DVB
·
September 10, 2025
နွေဦးပြည်သူတို့အတွက် ကြွက်နပေါင်းပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ  နွေဦးပြည်သူတို့အတွက် ကြွက်နပေါင်းပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကြွက်နပေါင်းပင်ကို သိပ္ပံလို Cocnulus hirsutus လို့ခေါ်ပြီး အင်္ဂလိပ်လို broom creeper, Patalgarudi လို့ ခေါ်ကြပါတယ်။

ကြွက်နပေါင်းပင်မှာ essential oil, β-sitosterol, ginnol, glycoside, sterol, alkaloid, phenolic compound, flavonoid, carbohydrate, Coclaurine, resin, Isotrilobine, benzyl isoquinolinealkaloidsviz, Cohirsine, Cohirsitine, Jamtinine, Shaheenine, Cohirsinine, Haiderine စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ကပ်ပါးပိုးကို ဆီးချိုရောဂါ တိုက်ဖျက်ခြင်း၊ အဖျားကျစေခြင်း၊ ဆီးရွှင်ဆေး အာနိသင်ရှိခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း၊ ကျောက်ကပ်ကို ကာကွယ်ပေးခြင်း၊ ဝမ်းပျော့ဆေး အာနိသင်ရှိခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့အစွမ်းအာနိသင် ရှိပါတယ်။

ခန္ဓာကိုယ် အပူလွန်ကဲမှုနဲ့ နေလောင်ခြင်းများအတွက် ကြွက်နပေါင်းအမြစ် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို သကြား လက်ဖက်ရည်ဇွန်းဝက်ခန့်ဖြင့် တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းနာကျင်မှုများအတွက် အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ပန်းကန်တဝက်ကို ချင်း(ဂျင်း)ခြောက်မှုန့်နဲ့ ပိတ်ချင်းမှုန့် ကော်ဖီဇွန်း ဝက်ခန့်စီထည့်ပြီး နွားနို့တခွက်နဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။

အမြစ်နဲ့ အစေ့ကို ထုထောင်းပြီး ရေနဲ့ဖျော်ကာ ကော်ဖီ ၂ ဇွန်းခန့် တိုက်ကျွေးပေးခြင်းဖြင့် ကလေးများ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ကြွက်နပေါင်းအရွက် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်း၊ ဇီရာစေ့မှုန့် ကော်ဖီ ၁ ဇွန်းကို သကြား အနည်းငယ်နဲ့ တနေ့ ၂ ကြိမ်ခန့် သောက်ပေးခြင်းဖြင့် ဆီးပူညောင်းကျရောဂါကို ပျောက်ကင်းစေပါတယ်။ အမျိုးသားများ သုက်လွှတ်မြန်ခြင်းကိုလည်း သက်သာပါတယ်။

ဆီးကျိတ်ရောင်ရမ်းခြင်း၊ ဆီးသွားစဉ် ခက်ခဲခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် အရွက်ကို ထုထောင်းပြီး ရေနဲ့ဖျော်ကာ တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဝမ်းကိုက်ရောဂါများမှာလည်း ၂-၃ ရက်ခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

ကြွက်နပေါင်းရွက် သတ္တုရည်ကို ရေနဲ့ဖျော်ပြီး ငုံပေးခြင်းဖြင့် လျှာအနာများကို သက်သာစေပါတယ်။

ကြွက်နပေါင်းရွက် သတ္တုရည်ကို နှင်းခူနဲ့ အရေပြား ယားယံရောဂါများ၊ အနာများမှာ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

မျက်စိဝေဒနာများမှာ ပင်စည်နဲ့ အရွက် သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။

ကြွက်နပေါင်းပင်မှာ သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ ကြွက်နပေါင်းရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို သွေးတွင်း သကြားဓာတ် အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကြွက်နပေါင်းရွက် လက်ဖက်ခြောက်ရေနွေးကြမ်း အသင့်အတင့်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် အသည်းဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေတဲ့အပြင် ရောဂါပိုးမွှားများကို တိုက်ဖျက်ရာမှာ ကူညီပေးပြီး ဆဲလ်များကို ဓာတ်တိုးခြင်းမှ ကာကွယ်ပေးပါတယ်။ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်းနဲ့ အရေပြားဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့အကျိုးကျေးဇူးများအပြင် ရောင်ရမ်းမှုကို လျော့ပါး သက်သာစေပါတယ်။

ကြွက်နပေါင်းပင်ကို အသင့်အတင့် သုံးစွဲခြင်းဖြင့် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲတာက ပျို့ခြင်း၊ အော့အန်ခြင်းနဲ့ မောပန်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ကြွက်နပေါင်းပင် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ကြွက်နပေါင်းပင်နဲ့ ဓာတ်မတည့်သူများ ကြွက်နပေါင်းပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ကြွက်နပေါင်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013