DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ကို တရားဝင်သွားနိုင်တဲ့ အထောက်အထား AA လုပ်ပေးနိုင်မလား
DVB
·
September 8, 2025
ဘင်္ဂလားဒေ့ရှ်ကို တရားဝင်သွားနိုင်တဲ့ အထောက်အထား AA လုပ်ပေးနိုင်မလား
Donate to DVB

ရခိုင်ပြည်ကနေတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို သွားရောက်မယ့် ပြည်သူတွေအတွက် အာရက္ခတပ်တော် (AA)က ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားတွေကို ထုတ်ပေးနေသလိုမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုလည်း တရားဝင်နယ်စပ်ဖြတ်ကျော်နိုင်ဖို့ အထောက်အထားတွေ ပြုလုပ်ပေးသင့်တယ်လို့ တိုက်တွန်းတောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ 

ရခိုင်ပြည်ကနေတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို အကြောင်းအမျိုးမျိုးနဲ့ သွားရောက်ကြမယ့် သူတွေအတွက် အာရက္ခတပ်တော်(AA)က ယာယီနယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားကတ်တွေကို  ပြီးခဲ့တဲ့  ဩဂုတ်လကစပြီး စတင်ထုတ်ပေးနေတာလို့ သိရပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားရောက်မယ့် ကုန်သည်တွေအနေနဲ့တော့ လက်ရှိမှာ တရားမဝင်လမ်းကြောင်းတွေကိုသာအသုံးပြုပြီးသွားလာနေရတဲ့အတွက် ဖမ်းဆီးခံရတာတွေ ရှိနေပြီး အန္တရာယ်လည်းများတယ်လို့ မောင်တောက ကုန်သည်တွေက ပြောပါတယ်။

ဒါကြောင့် ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သွားရောက်မယ့်သူတွေကိုလည်း နှစ်နိုင်ငံအစိုးရကြား နားလည်မှုတွေနဲ့ တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားကတ်တွေ ပြုလုပ်ပေးစေချင်တယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။ 

“ဘင်္ဂလားဒေ့ရှ်ဘက်ကိုကျတော့ ကျန်းမာရေးအရ‌ရော၊ တခြားကုန်သွယ်မှုအရရော သွားရောက်ဖို့ ခက်ခဲပါတယ်။ နယ်စပ်တွေက ခိုးပြီးဝင်ရတယ်။ မိုးရွာလည်း လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ အမျိုးမျိုးဒုက္ခရောက်တယ်။ ပြီးတော့ လစ်ရင်လစ်သလို သွားနေရတာဆိုတော့ အန္တရာယ်လည်းရှိတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်မှာကျတော့ ကျန်းမာရေးအရ သွားတာပဲ ဖြစ်ဖြစ်၊ ကုန်သွယ်မှုပဲဖြစ်ဖြစ် တရားဝင်သွားတာမဟုတ်တော့ မှောင်ခိုပဲ လုပ်နေရတော့ ကုန်ဈေးနှုန်းတွေလည်း ဈေးကြီးပါတယ်၊ လမ်းမှာလည်း တခါတလေ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဖမ်းဆီးတာတွေလည်းရှိတော့ ကုန်သွယ်တွေလည်း နစ်နာပါတယ်၊ ခုလိုမျိုး ရခိုင်ကနေ အိန္ဒိယကိုသွားသလိုမျိုး ထောက်ခံစာနဲ့ နားလည်မှုနဲ့ သွားခွင့်ရရင်တော့ ပိုကောင်းတာပါ့။”

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို သွားရောက်နိုင်တဲ့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကိုတော့ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာရှိ ULA/AA ရဲ့  နယ်စပ်ဆက်ဆံရေးရုံးမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး အိန္ဒိယနိုင်ငံကိုဝင်ရောက်မယ့်သူတွေအနေနဲ့ မဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပြီး သီတင်း တပတ်သာ အသုံးပြုခွင့်ရှိတယ်လို့ သိရပါတယ်။

ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်က နိုင်ငံကူးလက်မှတ်မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ရာမှာ လုံခြုံမှု အတွက် တရားဝင်အထောက်အထားပြနိုင်တဲ့ ကတ်တခုသာ ဖြစ်တယ်လို့ အိန္ဒိယဘက်ကနေ ရခိုင်နဲ့ အိန္ဒိယကြား ကုန်စည်တင်သွင်းနေတဲ့ ကုန်သည်တယောက်က ပြောပါတယ်။ 

အဲဒီနယ်စပ်ဖြတ်ကျော်ခွင့်ကတ် မယူဆောင်သွားဘူးဆိုရင် အိန္ဒိယနိုင်ငံဘက်က စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်တွေ ယာယီထားခဲ့ရတာလည်းရှိနေတယ်လို့ ဆိုပါတယ်။ 

ကုန်သည်တယောက် “အိန္ဒိယဘက်ကို ဆေးကုသွားတာဖြစ်ဖြစ် ကုန်သည်တွေလာတာပဲဖြစ်ဖြစ် အစစ်အဆေးတွေ ရှိတယ်ပေါ့နော်၊ မြန်မာ အိုင်ဒီကတ်ကျတော့ သူတို့ကမဖတ်တတ်ဘူးလေ။ မြန်မာလိုရေးထားတာကျ မဖတ်တတ်ဘူးဆိုတော့ ဒီလူဟာ ဆေးကုသွားတာပါ။ ကျန်းမာရေးအခြေအနေကြောင့် သွားတာပါ။ ကုန်သွယ်ရေးအခြေအနေကြောင့် ဒါမှမဟုတ် ကုန်ပစ္စည်း အခြေအနေကြောင့် သွားတာပါ။ အဲဒီလိုမျိုး အထောက်အထားလေးတခုရအောင် အတွက်ပဲ ထောက်ခံစာသဘောမျိုးပေါ့နော်၊ အိန္ဒိယဘက်က အစစ်အဆေးတွေ တွေ့ရင် အထောက်အထား မပါဘူး၊ ထောက်ခံစာမပါဘူးဆိုရင် မှတ်ပုံတင်ကို ယာယီသဘောမျိုးအပ်ထားခဲ့ပြီးမှ ပြန်လာတဲ့အချိန်ကျမှ မှတ်ပုံတင်ပြန်ယူရတယ်။ ”

ရခိုင်ပြည်မှာ နေထိုင်တဲ့သူတွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ နယ်စပ်ဖြတ်ကျော် သွားလာမှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေအတွက် ကြီးကြပ်နိုင်ဖို့ အထောက်အထားတခုအနေနဲ့ မှတ်တမ်းတင်ထားတာသာဖြစ်တယ်လို့ ULA/AA  ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ဒေသတွင်းမီဒီယာတွေမှာ ပြောဆိုထားပါတယ်။ 

အဲဒီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်မှာ နာမည်၊ အသက်၊ လူမျိုး၊ လိင်၊ နေရပ်လိပ်စာ၊ ဖခင်နာမည်၊ မွေးသက္ကရာဇ်၊ ခရီးသွားလာမယ့် ရည်ရွယ်ချက်အပါအဝင် နေထိုင်မယ့်ရက်စွဲတွေကိုပါ တပါတည်း ဖြည့်သွင်းရတာဖြစ်ပြီး တကြိမ်တည်းသာ အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ 

ရခိုင်မှာ ၂၀၂၃ ခုနှစ် တကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ရခိုင်ပြည်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားတာကြောင့် ရခိုင်က ဒေသခံတွေဟာ လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကုန်စည်တွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ အဓိကအားထားပြီး တင်သွင်း နေကြရတာဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013