DVB Logo
Home
မြန်မာသတင်း
ထိုင်း စိုက်ပျိုးရေးခြံများတွင် လုပ်ကိုင်ရန် မြန်မာဒုက္ခသည် ၃၂,၀၀၀ ခေါ်ယူမည်
DVB
·
September 7, 2025
ထိုင်း စိုက်ပျိုးရေးခြံများတွင် လုပ်ကိုင်ရန် မြန်မာဒုက္ခသည် ၃၂,၀၀၀ ခေါ်ယူမည်
Donate to DVB

ထိုင်းနိုင်ငံက စိုက်ပျိုးရေး ခြံလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာစစ်ဘေးဒုက္ခသည် ၃၂,၀၀၀ ကို ထိုင်းလုပ်ငန်းရှင်တွေက ခေါ်ယူသွားဖို့ ရှိကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဆီဆကက်ခရိုင်အတွင်းက ကြံစိုက်ခင်းနဲ့ လိမ္မော်သီးခြံတွေမှာ လုပ်သား လိုအပ်ချက် ရှိတာကြောင့် အဲဒီဒေသက လုပ်ငန်းရှင်တွေက ကရင်ဒုက္ခသည်များကော်မတီ (KRC) နဲ့ ဩဂုတ် ၃၀ ရက်က တွေ့ဆုံခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းလုပ်ငန်းရှင်တွေနဲ့ KRC တွေ့ဆုံပွဲမှာ အုန်းဖြန်နဲ့ မယ်လဒုက္ခသည်စခန်း တာဝန်ရှိသူတွေလည်း ပါဝင်ပြီး၊ စစ်ဘေး ဒုက္ခသည်တွေ အလုပ်လုပ်ခွင့်ပြုဖို့နဲ့ အလုပ်သမား ရရှိရေး ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းအစိုးရရဲ့ ဖြေလျှော့ပေးလာမှုတွေကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ အဆင့်ဖြစ်လာပြီး၊ ပြီးခဲ့တဲလတွေအတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးဖြတ်တောက်တာ ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် တရားဝင်အလုပ်လုပ်ဖို့ အခွင့်အရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရလာဖို့ မျှော်လင့်နေကြပါတယ်။

စစ်ရှောင်စခန်း တာဝန်ရှိတယောက်က “အခုချိန်မှာဆိုရင် ထိုင်းအစိုးရဘက်ခြမ်းက တအားကို စဉ်းစားလာပေးတယ်။ ကိုယ်တိုင် ဗဟိုကနေ အလုပ်အကိုင် အခွင့်အလမ်း ရရှိမယ်လို့ ထုတ်ပြောတဲ့အဆင့် ဖြစ်လာတယ်။ အရင်ကဆိုရင် ကျနော်တို့ တခုခု ပြောရင် ပေါ်လစီ ပြင်ရခက်တယ်၊ ပြင်ရခက်တယ် အမြဲတမ်း ပြောတယ်။ ဒါပေမဲ့ အခုက ထုတ်ပြောလာတဲ့ အဆင့် ရောက်လာပြီဆိုတော့ အပေါင်းလက္ခဏာ ဆောင်တဲ့အဆင့်လို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ အလုပ်လုပ်နိုင်တဲ့ အရေအတွက်ကို ခန့်မှန်းတာက စခန်းတခုလုံးရဲ့ ၄၀ ရာခိုင်နှုန်းသော လူလောက်ပဲ အလုပ်လုပ်နိုင်မှာ။ ဒါတောင် အများဆုံးပဲ။ ၄၀ အောက်မှာပဲ ရှိမှာ။ ဒီ ၄၀ ထဲမှာက ဝန်ထမ်းတွေလည်း ပါမယ်လေ။ ဆိုတော့ အလုပ်လုပ်နိုင်မယ့်သူတွေက ၃၀၊ ၂၀ လောက်ပဲ ရှိမယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းလောက်ကတော့ အလုပ်မလုပ်နိုင်ဘူး။ အမျိုးသမီးတို့၊ သက်ကြီး ရွယ်အိုတို့၊ ကလေးတို့ ရှိကြမယ်။ မိသားစုတွေ ရှိကြမယ်။ ဆို‌တော့ ၆၀ ရာခိုင်နှုန်းလောက်ကတော့ အလုပ် မလုပ်နိုင်ဘူးပေါ့”လို့ ပြောပါတယ်။

ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင်သတ်မှတ်ထားတဲ့ တရက် လုပ်အားခ ဘတ် ၃၀၀ ကနေ ဘတ် ၄၀၀ နှုန်းထားအတိုင်း ရရှိအောင် လုပ်အားခ ပေးသွားမယ်လို့ ထိုင်းလုပ်ငန်းရှင်တွေက ပြောဆိုခဲ့ကြောင်း စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ပထမအဆင့်အနေနဲ့ စခန်းအတွင်း အလုပ်လုပ်နိုင်သူတွေကို ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ဆောင်ပြီး၊ ကျန်းမာရေး ကောင်းမွန်သူတွေ၊ အလုပ်လုပ်နိုင်သူတွေကို တရားဝင် အလုပ်လုပ်ခွင့်ရအောင် ကနဦး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအနေနဲ့ ထိုင်းအစိုးရက အခုလို တရားဝင် မဖြေလျှော့ပေးခင် ကာလတွေမှာ ရိက္ခာ မလုံလောက်တာ၊ စားဝတ်နေရေး ခက်ခဲတာတွေ ကြုံရတဲ့အခါ စခန်းအနီး ဝန်းကျင်က စိုက်ပျိုးရေးခြံတွေမှာ တရက် လုပ်အားခ ဘတ် ၁၂၀ -၁၅၀ ဝန်းကျင်နဲ့သာ လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အုန်းဖြန် စခန်းနေ ဒုက္ခသည်တယောက်က “အခု လက်ရှိ အထောက်အထား မရသေးချိန်မှာတော့ ထိုင်းနိုင်ငံမှာ လူတယောက်က အလုပ်လုပ်ခ တရက် လုပ်အားခ ၃၀၀ အထက်မှာ ရှိတယ်။ ၃၇၀ တို့၊ ၃၅၀ တို့၊ ၄၀၀ တို့ တရက် တရက် ရတယ်။ အခု အပြင်မှာ အလုပ်သွားလုပ်သူတွေက တရက်ကို ၁၂၀ တို့၊ ၁၅၀ တို့ ရတယ်။ ဒါ ကျနော် ပြောတာက ဒုက္ခသည်စခန်း ပတ်ဝန်းကျင်မှာပေါ့။ တကယ်လို့ အဝေးမှာ သွားလုပ်မယ်ဆိုရင်လည်း ပြန်လာခနဲ့ ပိုက်ဆံလေး ၂၀၀၀၊ ၃၀၀၀ ရလို့ ပြန်လာရင်လည်း တောလမ်းမှာ ဖမ်းမိရင်လည်း တောစောင့်တွေက ဖမ်းမိရင် အဲ့ ပိုက်ဆံ သိမ်းယူလိုက်တဲ့ အနေအထား အများကြီး ရှိတယ်”လို့ ပြောပါတယ်။

ဒုက္ခသည်တွေကို စခန်းပြင်ပမှာ အလုပ်လုပ်ခွင့် လက်မှတ်နဲ့ ခွင့်ပြုခြင်းအားဖြင့် အလုပ်သမား လူမှုဖူလုံရေးစနစ်မှာ ပါဝင် အကျုံးဝင်မှာဖြစ်သလို ဒုက္ခသည်တွေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလည်း ရလာနိုင်ကြောင်း ထိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။  

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည် ၇ သိန်းကျော်ရဲ့ ကျန်းမာရေးကဏ္ဍအတွက် ဘတ်သန်း ၁၆၀ ပေးအပ်သွားမယ်လို့လည်း ထိုင်းကျန်းမာရေးဝန်ကြီးက ပြောဆိုထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013