
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်က စီပိန်းရွာ၊ ပင်ကြိမ်ရွာသစ်၊ ပင်ကြိမ်ရွာဟောင်း၊ လဝါကျေးရွာတွေမှာ သြဂုတ် ၂၈ ရက်ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်သားစုဆောင်းနေပြီး စစ်မှုထမ်းလိုက်ဖို့ အမျိုးသားမရှိတဲ့ နေအိမ်တွေဆီကနေ ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဘိမ်းဒေသခံတယောက်က “KIA တွေက လူတွေကို မတရား ဝင်ဆွဲနေတာ၊ နေအိမ်တွေကိုလည်း တံခါးတွေကန်ဖွင့်ပြီးအတင်းရှာတယ်။ ယောကျ်ားသားမရှိရင် ငွေတောင်းတယ်။ လမ်းသွားလမ်းလာ ယောကျ်ားသားဆို ဖမ်းဆီးခေါ်ဆောင်တယ်။ အသက်ကြီးသူဆို ငွေတောင်းတယ်” လို့ ပြောပါတယ်။
စီပိန်းရွာမှာ သြဂုတ် ၂၈ ရက်က အသက် ၂၀ အရွယ် လူငယ် ၂ ယောက်ကို စစ်မှုထမ်းဖို့ KIA က ဖမ်းဆီးသွားပြီး သြဂုတ် ၃၀ ရက်မှာ ပင်ကြိမ်ရွာဟောင်းက လူကြီး ၄ ယောက်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အပါအဝင် တာဝန်က ယာယီအနားယူနေတဲ့ KIA တပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မဘိမ်းဒေသခံ အမျိုးသားတယောက်က “အခုက အိမ်ထောင်စုဇယားနဲ့ လာခေါ်မယ်လို့ ပြောသွားတယ်။ ရွာကြီးရင် လူ ၂၀ ပေးရမယ်၊ ရွာသေးရင် ၁၀ ယောက် ပေးရမယ်ဆိုပြီး စုဆောင်းနေတယ်။ ကျနော်တို့အနေနဲ့ စစ်သားလိုအပ်ချက် ရှိတာကို လက်ခံပေမဲ့ အတင်းစုဆောင်းနေတာကို လက်မခံဘူး။ စိတ်ဆန္ဒရှိသူကိုပဲ ခေါ်စေချင်တယ်။ ခုက ကျီးလန့်စာ စားနေရသလိုပဲ” လို့ ပြောပါတယ်။
ဆူးပုတ်ချောင်းရွာက ရွှေမျှောလုပ်တဲ့ နေရာကိုလည်း KIA က စစ်သားဝင်ကောက်တာကြောင့် ခန့်မှန်းခြေ အယောက် ၄၀ ခန့် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
မဘိမ်းမြို့နယ်မှာ KIA တပ်က စစ်သားစုဆောင်းနေပြီး ငွေကြေးတောင်းခံနေတာနဲ့ ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “လက်တွေ့မှာတော့ ညှိနှိုင်းလို့ရပါတယ်။ ကျနော်တို့ကတော့ ပိုက်ဆံကောက်ပြီး လူသစ်မစုဆောင်းဘူးဆိုတာ၊ ဒါက ဖြစ်နိုင်ခြေတော့ မရှိပါဘူး။ ကျနော်တို့က ငွေရေးကြေးရေး လိုအပ်လို့ စုဆောင်းတာမှ မဟုတ်တာ။ အဓိကတော့ လူအင်အား၊ စစ်အင်အား လိုလို့ လူသစ်စုဆောင်းတာပါ။ ငွေကြေးနဲ့ဖြေရှင်းတာ ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ လုပ်ထုံးလုပ်နည်းလည်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။
မဘိမ်းမြို့ကို KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ၂၀၂၄ ဇန်နဝါရီလမှာ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။










