DVB Logo
Home
မြန်မာသတင်း
ပေါ်တာဆွဲမခံရရေး ကုမ္ပဏီဝန်ထမ်းများ၏ လစာငွေထဲက ကြိုတင်ဖြတ်ယူ ပြင်ဆင်နေရ
DVB
·
September 6, 2025
ပေါ်တာဆွဲမခံရရေး ကုမ္ပဏီဝန်ထမ်းများ၏ လစာငွေထဲက ကြိုတင်ဖြတ်ယူ ပြင်ဆင်နေရ
Donate to DVB

ရန်ကုန်မြို့က ပုဂ္ဂလိကကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဟာ စစ်ကောင်စီတပ်ရဲ့ အဓမ္မ ပေါ်တာဆွဲတာ မခံရအောင် လစဉ်ကြေးတွေ ပုံမှန်ပေးနေရပြီး ကုမ္ပဏီတွေဘက်ကလည်း လစာငွေထဲက ကြိုတင်ဖြတ်ယူထားတာတွေနဲ့ တချို့ကုမ္ပဏီတွေဆိုရင် ဖြေရှင်းနည်းတွေ ကြိုတင်ပြင်ဆင်ကြတယ်လို့  သိရပါတယ်။

ကိုယ့်ရဲ့ အလုပ်၊ ကုမ္ပဏီတွေက စစ်တပ်ရဲ့ ပေါ်တာဆွဲတာ ခံရမယ်ဆိုရင် လိုက်ထုတ်ပေးဖို့အတွက် လစာငွေထဲကနေ လစဉ် ၂၀,၀၀၀ ကျပ် ကြိုတင်ဖြတ်ယူထားတာရှိကြောင်း လုံခြုံရေးကုမ္ပဏီတခုမှာ တာဝန်ထမ်းဆောင်နေသူတယောက်က ပြောပါတယ်။

“သူတို့ပြောတာပေါ့နော်၊ ကျမတို့ လုံခြုံရေးကုမ္ပဏီကနေ တလကို ၂၀,၀၀၀ ပေးရတယ်ဆိုတာ ပေါ်တာဆွဲမယ့်ဟာတွေအတွက်တဲ့။ အခု သူတို့ အယောက် ၂၀ ရှိရင် တယောက်ကို ၂၀,၀၀၀ နှုန်းနဲ့ တွက်ပြီး ၁၀ ယောက်ဆို ၂၀၀,၀၀၀၊ အယောက် ၂၀ ဆို ၄၀၀,၀၀၀ ပေါ့၊ လစဉ်ကြေးပေးရတယ်တဲ့။ ကျမတို့က စိုက်မပေးနိုင်တော့ လစာထဲက ငှားရမ်းခ တလကို ၃၄၀,၀၀၀ လောက် ရတာကို၊ အဲဒီလုံခြုံရေးအတွက် ပေါ်တာဆွဲမယ့်အတွက်ကို တလကို ၂၀,၀၀၀ ပေးနေရတယ်။ တကယ်လို့ ဆွဲခဲ့ရင် သူတို့လမ်းကြောင်းနဲ့ သူတို့ လိုက်ပြီးတော့ ပေးထားတဲ့သူကို တာဝန်ခံပြီးတော့ ပြန်ထုတ်ပေးမှာပေါ့လေ။”

လတ်တလော မြို့ပေါ်တွေမှာပါ ပေါ်တာဆွဲတာတွေက ဆိုးဝါးလာနေတဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဝန်ထမ်းတွေက စိုးရိမ်ပူပန်နေကြတာဖြစ်သလို အတင်းအဓမ္မ ပေါ်တာဆွဲတာက ရှောင်တိမ်းနိုင်ဖို့အတွက်လည်း ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ရန်ကုန်က ပုဂ္ဂလိက လုပ်ငန်းပိုင်ရှင်တယောက်ကလည်း ဝန်ထမ်းတွေ မတရား ပေါ်တာဆွဲတာ မခံရအောင် ပြင်ဆင်နေရကြောင်း ပြောပြပါတယ်။

“ကျနော်တို့ဆီမှာတော့ အဲဒီလိုမျိုး မကြုံဖူးသေးဘူး။ ကျနော်တို့ကုမ္ပဏီက ကလေးတွေ စစ်မှုထမ်းစာရင်းထဲ မပါသေးတာလည်း ပါပါတယ်။ လောလောဆယ် ပေါ်တာဆွဲမခံရအောင် လစာထဲက ကြိုဖြတ်တာတော့ မရှိသေးဘူး။ ဖြစ်လာရင်တော့ အဲဒီလိုပုံစံမျိုး တနည်းမဟုတ် တနည်းနဲ့တော့ Cover ပေးရမှာပဲ။ ဒါမှမဟုတ်လည်း ကုမ္ပဏီကနေ လောလောဆယ် စိုက်ပေးထား။ ပြီးမှ လစာထဲက ဖြတ်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။”

လက်ရှိ အခြေအနေတွေ အရကတော့ ပြည်သူတွေက စစ်တပ်ရဲ့ စစ်မှုထမ်းဖို့ အဓမ္မ ပေါ်တာဆွဲခံရတာတွေ ရှိသလို မသမာသူတွေကနေ ပြန်ပေးဆွဲ ငွေညှစ်တောင်းဖို့အတွက် ပေါ်တာဆွဲကာ ငွေပေးရင် ပြန်လွှတ်ပေးတာတွေလည်း ကြုံနေကြရပါတယ်။

စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးတဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် နောက်ပိုင်းကတည်းက နိုင်ငံတဝန်း မြို့နဲ့ ကျေးရွာ ရပ်ကွက်တွေထဲမှာ စစ်မှုထမ်းမပါဖို့အတွက် တအိမ်ထောင်ကို ကျပ် ၅,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ ထိ လစဉ်ပေးနေရပြီး ကိုယ့်မိသားစုဝင်ထဲမှာ အသက်ပြည့်ပြီးသား လူငယ်၊ လူရွယ်တွေ ရှိနေမယ်ဆိုရင် ၂၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ထိ ပေးဆောင်နေရတာမျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013