DVB Logo
Home
မြန်မာသတင်း
စစ်တပ်လုပ်မည့်ရွေးကောက်ပွဲ လက်မခံရန် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ
DVB
·
September 5, 2025
စစ်တပ်လုပ်မည့်ရွေးကောက်ပွဲ လက်မခံရန် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ
1 / 15
Donate to DVB

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဖို့ ဝါရှင်တန်ဒီစီရှိ တရုတ်သံအမတ်နေအိမ်နဲ့ မြန်မာသံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက  ဒေသစံတော်ချိန် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက  တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုပြီး အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့၊ မြန်မာ့ပြည်တွင်းရေးမှာ တရုတ်အစိုးရက ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့၊ စစ်ကောင်စီကို စစ်ရေးထောက်ပံ့နေတာတွေ ရပ်တန့်ဖို့ စတဲ့အချက်တွေကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Save Myanmar- USA မှ ကိုရင်အေးက “ကျနော်တို့ တိုင်းရင်းသားအင်အားစုတွေ၊ PDF တွေက မြေပြင်မှာပါ စိုးမိုးမှုရှိတယ်ဆိုတာ ပြရမယ့်အချိန် ဖြစ်တယ်။ စစ်ကောင်စီပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ ဆိုတာက တရားမဝင်ရုံမကဘူး အောင်ကိုမအောင်မြင်ဘူး၊ လုပ်လို့မရဘူး ဆိုတာကို ကျနော်တို့ စစ်ရေးနဲ့အနိုင်ပြရမယ်။ တကမ္ဘာလုံးကနေ မထောက်ခံဖို့အတွက် ကျနော်တို့ ကြိုးစားမယ်။ ဒါပေမဲ့လည်း ပြည်တွင်းမှာရှိနေတဲ့ စစ်ရေးတွေက အရေးအကြီးဆုံးပါ။ စစ်ရေးအောင်မြင်မှုတွေရမယ်ဆိုရင် စစ်ကောင်စီ ဘာပဲလုပ်လုပ် တကမ္ဘာလုံးက ဘာမှပြောလို့မရတော့ဘူးဆိုတဲ့ အနေအထားပေါ့။ ဒါကြောင့် မြေပြင်မှာ အသက်ပေးနေတဲ့ PDF တွေကို ကျနော်တို့ ဆက်ပြီးပံ့ပိုးပေးမယ်။ ကမ္ဘာ့ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ IIMM အဖွဲ့မျိုးမှာလည်း သက်သေအထောက်အထားတွေ အများကြီးရနေပြီ။ ဒါတွေကို ကျယ်လောင်သထက် ကျယ်လောင်အောင်၊ ပြီးလို့ရှိရင် ICC၊ ICJ တိုင်းပြည်တွေကနေ အရေးယူမှုတွေ အမြန်ဆုံးဖြစ်လာအောင် ဒီကြားထဲမှာ ကျနော်တို့ ကြိုးစားမယ်။ မြေပြင်မှာလည်း ကျနော်တို့ပြည်သူတွေက စစ်ရေးအရ အနိုင်တိုက်နိုင်ဖို့ အစွမ်းကုန် ပံ့ပိုးကြိုးစားကြပါ။ ကျနော်တို့ နိုင်ငံတကာကနေလည်း အတတ်နိုင်ဆုံး ဒီပလိုမက်တစ်ကမ်ပိန်းတွေကို မြှင့်တင်ပြီးတော့ ဂလိုဘယ်ကမ်ပိန်းတွေ လုပ်နေမယ်။ ဒါတွေကို တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ လက်တွဲညီညီ သွားကြမယ်ဆိုရင် စစ်ကောင်စီသွားနေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်လိုမှ လုပ်လို့မရစေရဘူး။ အဲဒီအတွက် ကျနော်တို့လာပြီး အားလုံးကို တိုက်တွန်းတာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရဟာ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေ အပြီးမှာ စစ်ကောင်စီဘက်ကနေ ဝင်ရပ်ခဲ့ပြီး အစောပိုင်းမှာ ကြားဝင်ဖျန်ဖြေတဲ့ပုံစံ ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေကိုပါ ပြုလုပ်လာတာပါ။

တရုတ်အစိုးရရဲ့ အရေးပါတဲ့ အခမ်းအနားတွေကိုပါ စစ်ခေါင်းဆောင်တွေနဲ့ အာဏာရှင်ဟောင်းတွေကို ဖိတ်ခေါ်ခဲ့ပြီး ဒီလုပ်ရပ်ဟာ သူတို့ကို တရားဝင်မှု ဒါမှမဟုတ် အသိအမှတ်ပြုမှု တစုံတရာပေးတဲ့ အခြေအနေ ဖြစ်လာတာပါ။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “တရုတ်အစိုးရဆိုရင်လည်း တကယ်မှားယွင်းနေတဲ့ သူတို့ပေါ်လစီပေါ့နော်၊ ပြောင်းလဲဖို့အတွက် ကျနော်တို့ လာပြီး တိုက်တွန်းတောင်းဆိုတယ်။ တောင်းဆိုတာကိုမှ လက်မခံရင် နောက်တဆင့် ကျနော်တို့ တက်မယ်ဆိုတာ လာပြီးတော့ သတိပေးခြင်းလည်း ဖြစ်တယ်။ အိမ်နီးချင်းကောင်းပီသပါ၊ တရုတ်ပြည်သူ့သမ္မတအနေနဲ့၊ တရုတ်ပြည်သူတွေကတော့ မြန်မာပြည်သူတွေနဲ့ အိမ်နီးချင်းကောင်းပီသအောင် နေကြပေမဲ့ တရုတ်ကွန်မြူနစ်အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီကို ပြောင်းလဲပေးဖို့၊ အကြမ်းဖက်စစ်ကောင်စီ အခု စကမရဲ့ မတရား ရွေးကောက်ပွဲကို မထောက်ခံဖို့အတွက် လာရောက်ပြောဆိုခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းမှု နှောင်းပိုင်းကတည်းက တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့ နိုင်ငံတကာရောက် မြန်မာတွေက သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ တရုတ်သံရုံးတွေရှေ့မှာ တိုက်တွန်း တောင်းဆိုတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

ဒါပေမဲ့ တရုတ်အစိုးရကတော့ စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ တရုတ်ပြည်သူတွေရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ပါဝင်စေခဲ့တာ တွေ့ရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013