
ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တော်မှာ ကမ္ဘာလှည့်ခရီးသည်တွေအကြား ရေပန်းစားတဲ့ ဂလိုရီယာ အပျော်စီး ကြိုးဆွဲ ကားရထားလမ်းချော်တိမ်းမှောက်မှုကြောင့် စက်တင်ဘာ ၃ ရက်မှာ သေဆုံးသူ ၁၇ ယောက်ထိ ရှိလာပြီး ၁၈ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အရေးပေါ် ဆေးဘက်ဆိုင်ရာဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သေဆုံးသူတွေကို ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်၊ ဘာလူမျိုးတွေဖြစ်ကြတယ် ဆိုတာ အာဏာပိုင်တွေက မထုတ်ဖော်ခဲ့ပေမဲ့ သေဆုံးသူတွေထဲက တချို့ဟာ နိုင်ငံခြားသားတွေ ဖြစ်ပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသူ ၅ ယောက်ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မြို့တော်ရဲ့ မတ်စောက်တဲ့ တောင်စောင်းမှာ အတက်အဆင်းလုပ်ရင်း လူတွေကို သယ်ဆောင်ထားတဲ့ အဝါရောင် ကားရထားဟာ ပျက်စီးနေတာကို အခင်းဖြစ်တဲ့နေရာက ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးတွေထဲကနေ လူတွေကို ဆွဲထုတ်နေပြီး ရဲတွေလည်း အခင်းဖြစ်နေရာကို ရောက်ရှိ စုံစမ်းစစ်ဆေးရေးကို စတင်လုပ်ဆောင်နေပါပြီ။
အများသူငှာ သယ်ယူပို့ဆောင်ရေး ယာဉ်မတော်တဆမှုကို ထုံးစံအတိုင်း တရားဝင် စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ အစိုးရရှေ့နေချုပ်ရုံးက ပြောပါတယ်။
လမ်းချော်မှု ဖြစ်ရတဲ့ အကြောင်းအရင်းကို ကျွမ်းကျင်အာဏာပိုင်တွေက ခွဲခြမ်းစိတ်ဖြာပါလိမ့်မယ် လို့ လစ္စဘွန်းရဲ့ မီးသတ်တပ်ဖွဲ့မှူး အဲလ်ရှန်းဒရေး ရိုးဒရီယူ့ရှ်က ပြောပါတယ်။
ဒီဖြစ်ရပ်အတွက် ပေါ်တူဂီအစိုးရဟာ စက်တင်ဘာ ၄ ရက် ဒီကနေ့မှာ နိုင်ငံတော်ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး ဥရောပခေါင်းဆောင်တွေကလည်း ဝမ်းနည်းကြောင်းကို လူမှုမီဒီယာပေါ်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။
၁၈၈၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီကားရထားလိုင်းဟာ ရက်စ်တောင်းရေးဒို့ရှ် ရင်ပြင်အနီးရှိ လစ္စဘွန်းရဲ့ မြို့လယ် ဧရိယာကို ညဘက်အချိန်သွားလည်ဖို့ နာမည်ကြီးတဲ့ ဘာရီယို အာလ်တို နယ်မြေနဲ့ ချိတ်ဆက်ထားတာပါ။
ဂလိုရီယာကားရထားလိုင်းကို ကမ္ဘာလှည့်ခရီးသွားတွေ သာမက ဒေသခံပြည်သူတွေပါ အသုံးပြုကြပြီး နှစ်စဉ် လူ ၃ သန်း လောက်ကို သယ်ယူပို့ဆောင်နေကြောင်း မြို့တော်ခန်းမကနေ သိရပါတယ်။
Source:Reuters










