DVB Logo
Home
မြန်မာသတင်း
ရခိုင် ရက်ပ်အဆိုတော် Mg  Alpha ဖမ်းဆီးခံရ 
DVB
·
September 4, 2025
ရခိုင် ရက်ပ်အဆိုတော် Mg  Alpha ဖမ်းဆီးခံရ 
Donate to DVB

ရခိုင်လူထုကြားမှာ ရေပန်းစားခဲ့တဲ့ 11/Arakan သီချင်း ရေးသားသီဆိုခဲ့တဲ့ ရက်ပ်အဆိုတော်  Mg Alpha ကို စစ်ကောင်စီတပ်က ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းက နေအိမ်မှာ စက်တင်ဘာ ၃ ရက် နေ့လယ်က ဖမ်းဆီးသွားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ကျောက်မြောင်းက နေအိမ်မှာ မနေ့ နေ့လယ် ၂ နာရီခွဲက စစ်တပ်၊ ရဲနဲ့ စရဖတပ်က ဖမ်းဆီးခဲ့ပြီး ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

“မနေ့က ရခိုင်အဆိုတော် ကောင်လေးကို ကျောက်မြောင်းထဲမှာ ဝင်ဖမ်းသွားတယ်။ သီချင်းဆိုတဲ့ လူငယ်တယောက်ကို ဖမ်းတာ  နိုင်ငံတော်ပုန်ကန်မှု လုပ်ထားသလို မျက်နှာဖုံးစွပ်ပြီး လက်ထိတ်ခတ်သွားပြီး ဖမ်းသွားတာ။ ပြီးခဲ့တဲ့နှစ်က ရခိုင်အဆိုတော်  မဆုမြတ်ထက် ဖမ်းခံရတာ အခုထိ ပြန်မလွတ်သေးဘူး။”

အဆိုတော် Mg Alpha(ခ)ဇွဲပြည့်ပိုင် ရေးသား သီဆိုခဲ့တဲ့ 11/ Arakan သီချင်းမှာ  ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၃ မြို့ ဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီတပ်အတွက် မျက်စိဆံပင်မွေးစူးစရာ ဖြစ်လာလို့ ဖမ်းတာဖြစ်မယ်လို့  ရခိုင်လူငယ်တယောက်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

“ရခိုင် ရက်ပ်သီချင်းတွေထဲမှာ ရခိုင်လူမျိုးတွေ စိတ်ဓာတ်တက်ကြွတဲ့ သီချင်း ၂ ပုဒ်ရှိတယ်။ ကိုထက်မြတ်ရဲ့ ရှင်ဥတ္တမသွီးနဲ့ Mg Alpha ရဲ့ 11/ Arakan သီချင်းပဲ 11/ Arakan သီချင်းက ပြီးခဲ့တဲ့နှစ်က ထွက်တာ အတော်လေးလည်းပေါက်သလို ရခိုင်မှာ စစ်ရှုံးခဲ့တဲ့ စစ်တပ်က အဲဒီသီချင်း နားထောင်ရတိုင်း ဒေါသဖြစ်တယ်။ အဲဒါကြောင့် ဖမ်းတယ်လို့ ကျနော်က မြင်တယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်ကလည်း တာမွေမြို့နယ်မှာ  ရခိုင်အဆိုတော် မဆုမြတ်ထက်ကို စစ်ကောင်စီလက်အောက်ခံရဲတွေက ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၆ ရက်ကလည်း အာရက္ခတပ်တော် (AA) ထောက်ခံအားပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သာကေတမြို့နယ် အမှတ် ၇ အနောက်ရပ်ကွက်က အငြိမ်းစားရဲမှူး ရွှေဇံ ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့ပါတယ်။

စစ်ကောင်စီက ရခိုင်တိုင်းရင်းသားတွေထဲက ထင်ပေါ်ကျော်ကြားသူတွေကို အာရက္ခတပ်တော် (AA) နဲ့ ဆက်နွှယ်သူတွေအဖြစ် လုပ်ကြံဖန်တီး ဖမ်းဆီးတာတွေရှိနေလို့ သတိထားနေထိုင်ကြဖို့ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေကြားမှာ သတိပေးပြောဆိုတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013