
ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွှန်ဒယ်လေယန်ရဲ့ ဘူလ်ဂေးရီးယား ခရီးစဉ်အတွင်း လေယာဉ်ရဲ့ GPS စနစ်ကို တားဆီးနှောင့်ယှက်မှု ကြုံရခဲ့ရပါတယ်။
ဒီနောက်မှာ နေတိုးအဖွဲ့ဟာ တည်နေရာကို အတိအကျရှာဖွေပေးတဲ့ GPS အချက်ပြမှုတွေကို ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ကာ ရှုပ်ထွေးအောင်လုပ်တဲ့ jamming လုပ်ငန်းစဉ်ကို အရေးတကြီး လုပ်ဆောင်နေကြောင်း လူဇင်ဘတ်ကို ရောက်ရှိနေတဲ့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရွတ်တေ က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ဒါကို လုံးလုံးလျားလျား ဖြေရှင်းပြီးပြီလို့ မဆိုလိုပေမဲ့ ဒါကို တန်ပြန်ဖို့၊ ဟန့်တားဖို့နဲ့ နောက်တကြိမ် ထပ်မဖြစ်စေဖို့အတွက် မဟာမိတ်အဖွဲ့ကလည်း နေ့ရောညပါ လုပ်ဆောင်နေကြောင်းလည်း အာမခံ ပြောဆိုခဲ့ပါတယ်။
အာဆူလာ ဖွှန်ဒယ်လေယန်ဟာ တနင်္ဂနွေနေ့က ဘူလ်ဂေးရီးယားနိုင်ငံကို လေကြောင်းခရီးစဉ်အတွင်း သူ့လေယာဉ်ရဲ့ GPS စနစ်ကို အတားအဆီးဖြစ်ခဲ့ကြောင်း အီးယူ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပြီး ရုရှားရဲ့ နှောင့်ယှက်စွက်ဖက်မှုလို့ သံသယရှိကြောင်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားအစိုးရက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်းမရှိပါဘူး။
ဘူလ်ဂေးရီးယားအစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ဖွှန်ဒယ်လေယန်ရဲ့ လေယာဉ်ဟာ တောင်ပိုင်းမြို့ ပလော့ဗ်ဒပ်ဖ်ကို ချဉ်းကပ်လာချိန်မှာ GPS အချက်ပြမှု ပျောက်ဆုံးသွားခဲ့တာကြောင့် လေယာဉ် ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်စေဖို့အတွက် လေကြောင်းထိန်းချုပ်ရေးမှူးတွေကို မြေပြင်အခြေစိုက် လမ်းပြစနစ်ကို ပြောင်းလဲစေခဲ့ကြောင်း ပြောထားပါတယ်။
ဖွှန်ဒယ်လေယန်ဟာ ဥရောပကော်မရှင်မှ စင်းလုံးငှားထားတဲ့ လေယာဉ်နဲ့ ခရီးသွားလာတာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဘောလ်တစ်နိုင်ငံတွေအထက် လေပိုင်နက်ထဲရှိ GPS လမ်းကြောင်းပြကိရိယာတွေကို ရုရှားက ပိတ်ဆို့ထားကြောင်း အက်စ်တိုးနီးယားဟာ မနှစ်တုန်းက စွပ်စွဲခဲ့ပါသေးတယ်။
ဖင်လန်နိုင်ငံပိုင် ဖင်းန်အဲရ် လေကြောင်းဟာ GPS အတားအဆီးကြောင့် အရှေ့အက်စ်တိုးနီးယားရှိ တာတူ လေဆိပ်ကို မရောက်နိုင်ခဲ့ပဲ သူ့လေယာဉ် ၂ စင်းကို လမ်းကြောင်းပြောင်းပြီး ဟယ်လင်စကီးမြို့တော်ကို ပြန်မောင်းနှင်ခဲ့ရပါတယ်။
Source: Reuters










