
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က ဩဂုတ် ၃၁ ရက်နဲ့ စက်တင်ဘာ ၁ ရက်နေ့တွေမှာ ဝေဟင်ကနေ လေယာဉ်နဲ့ ဗုံးသီးအလုံး ၆၀ ကျော် ကြဲချခဲ့တာကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာနေကြရပါတယ်။
ဩဂုတ် ၃၁ ရက် ၁၂ နာရီကျော်က တကြိမ်၊ ၂ နာရီကျော်က တကြိမ်ပေါ့၊ ဗုံးသီးအလုံး ၃၀ ကျော်နဲ့ ပေါက်နယ် အရှေ့မြောက်ခြမ်းကိုကြဲချခဲ့သလို စက်တင်ဘာ ၁ ရက် ညနေ ၅ နာရီမှာလည်း ပေါက်နယ် အရှေ့မြောက်ခြမ်းကို လေယာဥ်နဲ့ ဗုံးသီး ၃၅ လုံးကျော် ကြဲခဲ့တယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“လူအထိအခိုက်တော့ မရှိဘူး။ ပေါက်နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရွာတွေက ပြည်သူတွေ အကုန် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်။ ဘာစစ်ရေးမှ မရှိပါဘူး။ သူတို့ ဘာသတင်းရလို့တော့ မသိဘူးလေ။ ရတဲ့သတင်းကလည်း သတင်းအမှားဖြစ်လိမ့်မယ်ဗျ။”
စစ်တပ်ရဲ့ ၂ ရက်တာ လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းက ကျေးရွာ ၅ ရွာထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
လာရောက်ကြဲချတဲ့ လေယာဉ်တွေဟာ Y12 အမျိုးအစားလေယာဉ်တွေဖြစ်ပြီး မန္တလေး တံတားဦးလေတပ်ကနေ လာရောက်ကြဲချတာလို့လည်း သိရပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကိုလရောင်က “ထွက်ပြေးနေကြရတဲ့ ကျေးရွာအသေးစိတ်ကို လုံခြုံရေးအရ မပြောတော့ပါဘူးဗျ။ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်ဆိုတာ အမှန်ပါပဲဗျ။ ဒီလောက်အထိ စစ်ကြောင်းထိုးပြီး လေယာဉ်နဲ့ ရက်ဆက် ဗုံးကြဲနေတာလဲဆိုတော့ ကျနော်ထင်တာ ၂ ပိုင်းရှိတယ်ဗျ။ ပထမအပိုင်းက နယ်မြေစိုးမိုးမှု ပြန်ရချင်လို့ရယ် ကပစစက်ရုံတွေ ကောင်းကောင်းမွန်မွန် လက်နက်ခဲယမ်း ထုတ်လို့ရအောင်လို့ရယ်ပေါ့။ ဒုတိယအချက်က စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကြောင့်လို့လည်း ယူဆရတာပေါ့။ ၂ ရက်တာ ဗုံးကြဲချလို့ ပြည်သူသေဆုံးတာတော့ မရှိသေးဘူးဗျ။ ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းရန်ကို ဒီထက်မက သတိရှိကြဖို့ အကြံပြု ပြောလိုပါတယ်” လို့ ပြောပါတယ်။
ပေါက်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရသလို ကပစ ၂၄ က စစ်သားတွေနဲ့ ပျူစောထီး စစ်ကြောင်းရန်ကြောင့်လည်း ဒေသခံတွေ နေရပ်စွန့်ခွာနေရပြီး ပခုက္ကူမြို့ကနေ ရိက္ခာလာပို့တဲ့ယာဉ်တန်း အပြန်ခရီးစဥ် စစ်ကြောင်းရန်ကြောင့် ပခုက္ကူ-ပေါက် ကားလမ်းမဘေးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။










