DVB Logo
Home
မြန်မာသတင်း
အချိန်ပို မတန်တဆ မဆင်းခိုင်းရန် သတိပေးချက်အပေါ် စက်ရုံအချို့ မလိုက်နာ
DVB
·
September 2, 2025
အချိန်ပို မတန်တဆ မဆင်းခိုင်းရန် သတိပေးချက်အပေါ် စက်ရုံအချို့ မလိုက်နာ
Donate to DVB

ခွင့်ပြုထားတဲ့ အချိန်ပိုသတ်မှတ်ချက်ထက် ကျော်လွန်စေခိုင်းတာ မလုပ်ဖို့ သတိပေးချက် ထုတ်ထားပေမဲ့ စက်ရုံတချို့က လိုက်နာတာမရှိဘူးလို့ သက်ဆိုင်ရာ အလုပ်သမားတွေနဲ့ ပြည်တွင်းအလုပ်သမားအရေး ကူညီနေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက အလုပ်သမားတွေကို အချိန်ပို မတန်တဆ ဆင်းခိုင်းနေတာနဲ့ ပတ်သက်လို့ စက်ရုံ၊ အလုပ်ရုံတွေကို သြဂုတ် ၂၆ ရက်က သတိပေး အကြောင်းကြားစာ ပေးပို့ထားတာ ဖြစ်ပါတယ်။

အဲဒီလို သတိပေးထားပေမဲ့ ရန်ကုန်တိုင်းထဲက စက်ရုံတချို့က လိုက်နာတာမရှိဘဲ အချိန်ပို ဆက်တိုက်ခေါ်နေတာ ရှိတယ်လို့ အလုပ်သမားအရေး ကူညီနေသူတယောက်က ပြောပါတယ်။

“စာထွက်ပြီးတဲ့အချိန်အထိ အချိန်ပိုတွေ မတရားဆက်ခေါ်နေတာ တွေ့နေရသေးတယ်။ အလုပ်သမားတွေက မလွန်ဆန်နိုင်ဘူး။ ဆင်းဆို ဆင်းရတာပဲ။ သက်ဆိုင်တဲ့ အလုပ်သမားရုံးတွေက ပြောရင် ပြောသလို ထိန်းကျောင်းရမှာ။ စာထုတ်ပြီးရင် ပြီးရောဆိုပြီး လုပ်နေဖို့ မသင့်ဘူး။”

ပြည်တွင်းက စက်ရုံအများစုဟာ ပုံမှန်လုပ်အားခကို ချိုးနှိမ်ထားပြီး အချိန်ပိုလုပ်ခနဲ့မှ လုံလောက်စေမယ့် လစာပေးချေတဲ့စနစ် သုံးနေတာကြောင့် မလွန်ဆန်နိုင်ဘဲ လုပ်အားညှစ်ထုတ် လုပ်ကိုင်နေရတာလို့ အထည်ချုပ်စက်ရုံလုပ်သားတချို့က ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတယောက်က “အချိန်ပိုမဆင်းရင်လည်း Day ကြေးနဲ့က မလုံလောက်ဘူး။ အချိန်ပို အလွန်အကျွံဆင်းရတော့ ကျန်းမာရေးက ထိခိုက်လာကြတယ်။ အခုလည်း အချိန်ပိုက နဂိုအတိုင်း ဆက်ခေါ်နေတာပဲ။ အလုပ်သမားတွေအတွက်က ပိုက်ဆံရဖို့ ဆင်းကိုဆင်းရမယ့်သဘော ဖြစ်နေရတာ” လို့ ပြောပါတယ်။

တချို့စက်ရုံအလုပ်ရုံတွေ အနေနဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ အချိန်ပိုကို ခွင့်ပြုမိန့်ထက် ကျော်လွန်လုပ်ခိုင်းတာ၊ စနေနေ့မှာလည်း ခွင့်ပြုမိန့်ထက် ကျော်လွန်ပြီး အချိန်ပိုကို ညနေ ၆ နာရီခွဲကနေ ၇ နာရီအထိ ခိုင်းတာ၊ အောလင်း/အောနိုက် ခိုင်းစေနေတာတွေကို အလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ စစ်ဆေးတွေ့ရှိရတယ်လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက ဆိုပါတယ်။

အဲဒီလို ခွင့်ပြုမိန့်ထက် အချိန်ပိုခေါ်ယူတဲ့ စက်ရုံ အလုပ်ရုံတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သလို ထပ်ပြီး ခွင့်ပြုမိန့်ထက်ကျော်လွန် လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ အဲဒီဌာနက သတိပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013