DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်လာသူ ၅၀,၀၀၀ ကျော်အထိ ရှိလာ
DVB
·
August 28, 2025
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်လာသူ ၅၀,၀၀၀ ကျော်အထိ ရှိလာ
Donate to DVB

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ ကျော်အထိ တိုးလာတယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် (AA) က ဒီနှစ် ဖေဖော်ဝါရီလကစလို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။

လက်ရှိမှာ ကျောက်ဖြူမြို့အနီး လိပ်ခမော်၊ ကုလာဘာ၊ မလကျွန်းတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲပြင်းထန်တာနဲ့အတူ စစ်ဘေးရှောင်ဦးရေ နေ့တိုင်း တိုးလာသလို သူတို့အတွက် အခြေခံစားနပ်ရိက္ခာ အကူအညီ လိုအပ်ချက် မြင့်တက်လာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

“စကစက လေကြောင်းနဲ့ ရေကြောင်းကို အသုံးပြုပြီး ကျေးရွာလူထု နေတဲ့နေရာတွေ၊ စစ်ရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကိုပါ ဗုံးကြဲတာတွေ၊ နေဗီကနေပြီးတော့ လက်နက်ကြီးတွေ ပစ်တာတွေ ရှိတော့ ကျေးရွာသူ ကျေးရွာသားတွေကတော့ တော်တော်များများ ထွက်လာကြတယ်။ စစ်ဘေးရှောင်လာကြတယ်။ အရင်ဦးဆုံး ကျနော်တို့ သိသလောက်ဆိုရင် ၅၀,၀၀၀ ကျော်တယ်။ အခုဆိုရင် ဒီထက်များနိုင်တယ်။ အခုဆိုရင် မိုးတွင်းကာလဆိုတော့ စားဝတ်နေရေး အခက်အခဲ ဆေးဝါးအခက်အခဲတွေ ရှိပါတယ်။”

စစ်တပ်က ကျောက်ဖြူမြို့နယ်မှာ လေကြောင်း၊ ရေကြောင်းတွေကို အသုံးပြုပြီး အရပ်သား နေထိုင်ရာ နေရာတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် မင်းပြင်၊ ရေနံတောင်၊ င/အုပ်၊ ကျောက်ကလေး စတဲ့  ကျေးရွာတွေက ဒေသခံတွေဟာ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့  အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတယောက်က ပြောပါတယ်။

“ညဆိုရင်လည်း ကောင်းကောင်းမအိပ်ခဲ့ရဘူး။ ထမင်းချက်စားရမှာတောင် ညဆိုရင် မီးမထွန်းဘဲ ချက်စားခဲ့ရတယ်။ ဒရုန်းတွေလည်း တရက်လုံး ဝဲနေတာပဲ။ နေဗီတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။”

လတ်တလော ထွက်ပြေးတိမ်းရှောင်လာကြတဲ့သူတွေမှာ စားဝတ်နေထိုင်ရေး အခက်အခဲ ရှိနေကြပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက နေရာချပေးဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေတခုခုကို ထွက်ပြေးတိမ်းရှောင်ဖို့ ကားခ၊ စက်လှေစရိတ် အနည်းဆုံး ငွေကြေး လူတယောက်ကို တသိန်းခွဲလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်ဖို့ ငွေကြေးအခက်အခဲတွေ ရှိနေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူတွေဆီက သိရပါတယ်။

ညီထွေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013