DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ကောင်စီနယ်မြေ၌ တောင်သူ ၂ ဦး အသတ်ခံရ
DVB
·
August 26, 2025
နေပြည်တော်ကောင်စီနယ်မြေ၌ တောင်သူ ၂ ဦး အသတ်ခံရ
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာမှာ သြဂုတ် ၂၅ ရက် မနက်က တောင်သူအမျိုးသား ၂ ယောက် ဓားနဲ့ထိုးသတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုဇွန်ဆိပ်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာ တောထဲမှာ တဲထိုးပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသား ၂ ယောက်ကို မနေ့မနက်က ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒေသခံတွေ တွေ့မြင်ခဲ့တာလို့ မြို့ခံက ပြောပါတယ်။

“ဘာကြောင့်သတ်သွားလဲတော့ မသိဘူး။ တချို့ကလည်း လုပြီးသတ်ခဲ့တာလို့ ပြောနေကြတယ်။ နေပြည်တော်မှာ အခုနောက်ပိုင်း လုယက်မှုတွေ ခဏခဏဖြစ်နေတယ်။ ဖြစ်လိုက်တိုင်းလည်း သတ်ခဲ့တာချည်းပဲ။”

သေဆုံးသူ ၂ ယောက်မှာ ပုဇွန်ဆိပ်ကျေးရွာနေ အသက် ၅၀ အရွယ် ဦးတင်စိုးနဲ့ ကိုမိုးဝင်းတို့ဖြစ်ပြီး အမှုဖြစ်စဥ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ဓားနဲ့ထိုးသတ်ခံရတာ မှန်တယ်။ ဒါပေမဲ့ အမှုနဲ့ပတ်သက်ပြီး ရဲတွေက စစ်ဆေးနေတုန်းပဲ။ နေပြည်တော်မှာ လုယက်မှုတွေဖြစ်ရင် မဆိုင်တဲ့သူတွေပါ ခေါ်စစ်တာ။ ဇမ္ဗူသီရိမှာဖြစ်တဲ့ လုယက်မှုဆို ရဲတွေက တရားခံမဖမ်းဘဲ သေသွားတဲ့ မိန်းမရဲ့ ယောကျ်ားကို ခေါ်စစ်တာ အခုထိ ပြန်မလွတ်သေးဘူး။”

ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သဗ္ဗမင်္ဂလသိဒ္ဓိဘုရားကုန်းပေါ်မှာ သြဂုတ် ၂၁ ရက်က လုယက်သတ်ဖြတ်ခံရတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးအမှုမှာ ရဲတွေ ခင်ပွန်းဖြစ်သူကို ဖမ်းပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက်ကလည်း ဇမ္ဗူသီရိမြို့နယ်မှာ အမျိုးသားတယောက်ကို ငွေကျပ် ၂၅ သိန်းယူကာ သတ်ပေးခဲ့တဲ့ တောင်ဒဂုံမြို့နယ်က ကြေးစားလူသတ်သမား ၃ ယောက်ကို ရဲတွေက ဖမ်းမိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့လတွေက ဥတ္တရသီရိမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်မှာ လူသတ်ပြီး ပစ္စည်းလုတဲ့သူတွေကို ခရိုင်တရားရုံးတွေက သေဒဏ်အမိန့်တွေ ချမှတ်ခဲ့ပေမဲ့ နေပြည်တော်မှာ လုယက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013