DVB Logo
Home
မြန်မာသတင်း
သန်လျင်တပ်နယ်တွင် စစ်တပ်က ရွေးကောက်ပွဲလုံခြုံရေး သင်တန်းပေးရန် စီစဉ်နေ
DVB
·
August 25, 2025
သန်လျင်တပ်နယ်တွင် စစ်တပ်က ရွေးကောက်ပွဲလုံခြုံရေး သင်တန်းပေးရန် စီစဉ်နေ
Donate to DVB

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲလုံခြုံရေး အတွက် တပ်နယ်မှူး ဗိုလ်ချုပ်ထွန်းလူက သန်လျင် ကျောက်တန်း၊ ခရမ်းနဲ့ သုံးခွမြို့နယ်က ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပလကဖ အဖွဲ့တွေကို သန်လျင်တပ်နယ်က သင်တန်းပေးဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သန်လျင်မြို့နယ် သီဟဒီပအားကစားခန်းမမှာ သြဂုတ် ၂၃ ရက်က ပြုလုပ်တဲ့ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်ရေးအဖွဲ့ (ပလကဖ) အဖွဲ့တွေကို ဆန်၊ ဆီ၊ ဆားနဲ့ ထောက်ပံ့ငွေ ပေးအပ်ပွဲမှာ တပ်နယ်မှူး ဗိုလ်ချုပ်ထွန်းလူက ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်နဲ့ ပလကဖ အဖွဲ့ပေါင်းပြီး သင်တန်းပေးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ မြိုခံတယောက်က ကို ပြောပါတယ်။

“တပ်နယ်မှူးက သန်လျင်မှာ ရွေးကောက်ပွဲလုပ်ရင် လုံခြုံရေးယူဖို့ ပြည်သူ့စစ်အဖွဲ့တွေနဲ့အတူ သင်တန်းပေးမယ် ပြောတယ်။ အဲ့နေ့က သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွက ပလကဖတွေကို ဆန်တွေ ဆီတွေ ထောက်ပံ့တာ။”

ရွေးကောက်ပွဲကိစ္စကို တပ်နယ်မှူး ဗိုလ်ချုပ်ထွန်းလူ ဦးဆောင်နေတာကြောင့် မဲပေးစက် ရှင်းလင်းပြသပွဲတွေကို ဖိအားပေး ခေါ်ဆောင်တာတွေရှိပြီး ရပ်ကွက်တခုကို လူ ၂၀ ကနေ ၃၀ ကြား ပို့ပေးရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“မဲပေးစက်အကြောင်း ရှင်းလင်းပွဲလုပ်ရင် အရပ်သားပြည်သူ မပါဘူး၊ ခေါ်လည်းမခေါ်ဘူး။ ရပ်ကွက်နဲ့ ကျေးရွာတွေကို ထွေအုပ်က စာထုတ်ခေါ်တယ်။ လူဘယ်လောက်ပို့ပေး၊ အဲ့ကျရင် ရပ်ကွက်က တောင်းတဲ့သူပြည့်ဖို့ အုပ်ချုပ်ရေး၊ အရန်မီးသတ်၊ မိခင်နဲ့ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊ ရပ်မိရပ်ဖအဖွဲ့တွေ စုပြီး လွှတ်ရတာ။ သန်လျင်မှာ ထွေအုပ်ထက် စစ်တပ်က အုပ်ချုပ်နေတာ။”

ပြီးခဲ့တဲ့ရက်တွေကလည်း မရမ်းကုန်း၊ တွံတေး၊ တိုက်ကြီး၊ မှော်ဘီနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီးနဲ့ တပ်နယ်မှူးတွေဟာ ပလကဖ အဖွဲ့တွေကို လိုက်လံတွေ့ဆုံခဲ့ပြီး စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့တာတွေ ရှိပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းမှာ မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိတဲ့ ရန်ကုန်တိုင်းက ၁၂ မြို့နယ်သာ ပါဝင်ပြီး အဲဒီမြို့တွေက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ အလုံနဲ့ သန်လျင်မြို့နယ်တွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အရ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013