DVB Logo
Home
မြန်မာသတင်း
အရောင်းအဝယ်အေးပြီး မတ်ပဲ၊ ပဲစင်းငုံဈေး ဆက်တိုက်ပြန်ကျ
DVB
·
August 24, 2025
အရောင်းအဝယ်အေးပြီး မတ်ပဲ၊ ပဲစင်းငုံဈေး ဆက်တိုက်ပြန်ကျ
Donate to DVB

ပို့ကုန်ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံ (နီ) ဈေးတွေ လျော့ကျလာပြီး အရောင်းအဝယ်အေးနေတယ်လို့ ပဲဈေးကွက်အတွင်းက သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဒေါ်လာငွေလဲနှုန်း ပြန်ကျလာတာက ပို့ကုန် ပဲဈေးကွက်အပေါ် သက်ရောက်မှု ရှိလာတာဖြစ်ပြီး လတ်တလော ဈေးကွက်ဝယ်လိုအား နည်းနေတာကြောင့်လည်း ပဲဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာရတာလို့ ပဲကုန်သည်တွေဆီက သိရပါတယ်။

ပဲကုန်သည်တယောက်က “အဓိကကတော့ အရောင်းအဝယ်အေးသွားလို့ ပဲဈေးတွေ ဆက်တိုက်ကျတာပါ။ ဒေါ်လာဈေးကလည်း ကျနေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်  ဒုတိယပတ်က  ကျပ် သိန်း ၃၀ ကျော်အထိ တက်ခဲ့တဲ့ မတ်ပဲ (FAQ/RC) တတန်ဈေးဟာ အခု ဩဂုတ် ၂၃ ရက်မှာတော့ တတန်ကို ကျပ် ၂၉ သိန်း ၄ ‌‌သောင်းထိ ပြန်ကျသွားပါတယ်။

အလားတူ ပဲစင်းငုံ (Red/RC) တတန် ဈေးကလည်း ၂၇ သိန်း ၇ သောင်းအထက်အထိ ရောက်ခဲ့ပြီးနောက် ဒေါ်လာဈေးနဲ့အတူ ပြန်ကျလာခဲ့ရာမှာ လက်ရှိ တတန်ကို ကျပ် ၂၆ သိန်း ၂ ထောင် ဝန်းကျင်သာ ရှိပါတယ်။

အမေရိကန်ဒေါ်လာဈေးကလည်း  ပြီးခဲ့တဲ့ ဩဂုတ်လဆန်ပိုင်းက တဒေါ်လာကို ကျပ် ၄,၄၇၀ ဝန်းကျင် ရှိခဲ့ပေမဲ့ အခုအခါ တဒေါ်လာကို ကျပ် ၄,၃၃၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

မြန်မာနိုင်ငံက ပဲတွေရဲ့ အဓိက ပို့ကုန်ဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ ပဲဈေးမြင့်တက်နေပေမဲ့ ပြည်တွင်းဈေးကွက်မှာ  အရောင်းအဝယ်ပါးပြီး ဈေးအေးနေတာပါ။

မကြာသေးခင်က အိန္ဒိယရဲ့ ပြည်နယ်အချို့မှာ ပဲမျိုးစုံအပါအဝင် သီးနှံစိုက်ခင်းတွေ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ် ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယနဲ့ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာပါ။ ခုလက်ရှိမှာ အိန္ဒိယနိုင်ငံဟာ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာ (MOU) အရ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်း မြန်မာနိုင်ငံကနေ တင်သွင်းနေတာပါ။

အဲဒီ နားလည်မှုစာချွန်လွှာဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသစ်ချုပ်မယ့် နားလည်မှုစာချွန်လွှာအသစ်မှာ တနှစ်ကို  ပဲတီစိမ်းတန်ချိန် ၂ သိန်း၊ မတ်ပဲတန်ချိန် ၅ သိန်းထိ တိုးမြှင့်ဝယ်ယူဖို့ ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

လက်ရှိပြည်တွင်းမှာတော့ သွင်းအားစုဈေးနှုန်း ကြီးမြင့်တာ၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နှုန်းလျော့ကျတာ စတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013