DVB Logo
Home
မြန်မာသတင်း
အတုအယောင်ရွေးကောက်ပွဲ ပြည်သူကို ဖိအားပေးပါက ဖမ်းဆီးအရေးယူမည်ဟု NUG ပြော
DVB
·
August 24, 2025
အတုအယောင်ရွေးကောက်ပွဲ ပြည်သူကို ဖိအားပေးပါက ဖမ်းဆီးအရေးယူမည်ဟု NUG ပြော
Donate to DVB

စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းလုပ်ဖို့ ပြည်သူလူထုကို ဖိအားပေးလာရင် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်သူ့အစိုးရခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး နိုင်ငံတော်ကိုပုန်ကန်ခဲ့တဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာ လုံးဝမရှိတဲ့ နိုင်ငံတော်နဲ့ ပြည်သူရဲ့ရန်သူဖြစ်ကြောင်း ၂၀၂၄ ခုနှစ်ကပဲ ကြေညာထားပြီးဖြစ်သလို NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း စစ်အုပ်စုနဲ့ သူ့ရဲ့လက်အောက်ခံဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ခံအဖွဲ့အစည်းတို့ကို အကြမ်းဖက် အုပ်စုတွေအဖြစ် ကြေညာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် NUG ထိန်းချုပ်နယ်မြေတွေမှာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းလုပ်ဖို့ ပြည်သူတွေကို ဖိအားပေးလာရင် ထိထိရောက်ရောက် ဖမ်းဆီး အရေးယူမှာဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲတခုကို သေနတ်ထောက်၊ ဓားမိုးပြီး ဇွတ်အတင်းလုပ်ဖို့ ကြိုးစားလာတာကို ပြည်တွင်း၊ ပြည်ပ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ မြန်မာပြည်သူလူထုက တတ်စွမ်းတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ကြဦးမယ်လို့ အပြည့်အဝ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

အခုနှစ် ဩဂုတ်လကစလို့ နာမည်နဲ့ဖွဲ့စည်းပုံပြောင်းလဲလိုက်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီရွေးကောက်ပွဲကို အတင်းလုပ်ဖို့ရည်ရွယ်ပြီး ပြည်သူကိုပစ်မှတ်ထားတဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေ စတဲ့ ကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေကို တိုးပြီးလုပ်လာတာတွေ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အနေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း ၃ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ၁၁ မှာ ပြဋ္ဌာန်းထားတဲ့ ‘တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းတာနဲ့ ရွေးကောက်ပွဲ ကျင်းပခြင်း’ မူဘောင်အတိုင်း ရပ်တည်ပြီး စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူတွေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် နည်းလမ်းပေါင်းစုံနဲ့ ဖိစီးနှိပ်စက်တာ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့လို့ ကမ္ဘာကအလိုရှိနေတဲ့ စစ်ရာဇဝတ်သားတွေဖြစ်သလို ပြည်သူ့နွေဦးတော်လှန်ရေးမှာလည်း ပြည်သူလူထုအပေါ် ကြီးမားတဲ့ စစ်ရာဇဝတ်မှု မြောက်မြားစွာ ဆက်လက်ကျူးလွန်ခဲ့တဲ့ အစုအဖွဲ့လည်းဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီမဟာမိတ်တွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စုက ဇွတ်အတင်းလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပြေလည်စေမဲ့ အဖြေမဟုတ်ကြောင်းနဲ့ အဲဒါကို ထောက်ခံအားပေးတာဟာ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေတဲ့  စစ်ရာဇဝတ်မှုတွေကို ထောက်ခံအားပေးတာ၊ အဲဒီပြစ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အထောက်အကူပြုတာနဲ့တူတယ်ဆိုတာကို သတိထားကြဖို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိရေး ကြိုးပမ်းမှုအတွက် ပံ့ပိုးအားဖြည့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Photo : DDMSC (အတုအယောင်ရွေးကောက်ပွဲအား လောင်းလုံးမြို့နယ်မှာ ဩဂုတ် ၂၀ ရက်က ပြည်သူတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013