
ဂီနီနိုင်ငံ မြို့တော် ကားနာ့ကရီရဲ့ ဆင်ခြေဖုံးတွေမှာ မြေပြိုမှုအတွင်း အနည်းဆုံး လူ ၁၅ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း အာဏာပိုင်တွေနဲ့ ဒေသခံ သတင်းရင်းမြစ်တွေက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
ကိုးယာ စီရင်စုအနီးရှိ မာနေးယာ အစွန်ဆုံးဧရိယာမှာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့အကူး ညအချိန်မှာ ဒီဘေးအန္တရာယ် ဖြစ်ပွားခဲ့တာပါ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကုန်းပြိုကျမှု ဖြစ်လာခဲ့ရပြီး မြေပြိုလမ်းကြောင်းတလျှောက်ရှိ နေအိမ်တွေနဲ့ နေထိုင်သူတွေကို ဖုံးလွှမ်းနစ်မြုပ်သွားတာလို့ ယူဆကြပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့နဲ့ ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူဖို့အတွက် သောကြာနေ့မှာ ရှာဖွေရေးလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဂီနီနိုင်ငံ ဝန်ကြီးချုပ် အာမဒို အိုရီဘား က “သေဆုံးသူ တစ်ဒါဇင်ကျော်ရှိနေပြီး ဒါ များလွန်းတယ်။ ဇာ့ကိုပေး အမှိုက်ပုံကြီးမှာ ဘာမှ မလုပ်ခဲ့ဘူးဆိုရင် ဒီနေ့မှာ သေဆုံးသူ အရေအတွက် ဘယ်လောက်တောင်ရှိမယ်ဆိုတာ မသိနိုင်ဘူး” လို့ ပြောပါတယ်။
အခုချိန်ထိတော့ ကယ်ဆယ်ရေးသမားတွေဟာ မြေအောက်ထဲ မြုပ်သွားတဲ့ အိမ်တွေထဲမှာ ပိတ်မိနေတဲ့ တခြားအလောင်းတွေ ရှိ မရှိကို ရှာဖွေဖို့ တူးဖော်နေတုန်းပါပဲလို့ ဆိုပါတယ်။
ထိခိုက်ခံရတဲ့ ခြံဝင်း ၂၅ ခုရှိပြီး အဆောက်အဦ ၂ လုံးက ပြိုကျထားကြောင်း ကာကိုလီမာ ခရိုင်မှူး ဘမ်ဘာ ကာဘာ က ပြောပါတယ်။
အဆောက်အအုံတခုမှာ လူနေထိုင်ပြီး တခြားတခုမှာတော့ အိမ်ငှားတွေထွက်သွားလို့ လူမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အောက်ဘက်မှာတော့ အိမ် ၃ လုံး ၄ လုံးလောက်ကို ကြိုတင်ကယ်ထုတ်နိုင်ပြီးသား ဖြစ်ကြောင်းနဲ့ ကျန်တာတွေက အပျက်အစီးတွေထဲမှာပဲလို့ ပြောဆိုပါတယ်။
အနောက်အာဖရိကနိုင်ငံ အများစုလိုပဲ ဂီနီနိုင်ငံဟာ မေလမှ အောက်တိုဘာလအထိ နှစ်စဉ်မိုးရာသီအတွင်း ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုနဲ့ တိုက်စားမှုတို့ကို ကြုံတွေ့နေရပါတယ်။
မြို့တော် ကားနာ့ကရီ တဝိုက်မှာ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခြင်းနဲ့ ညံ့ဖျင်းတဲ့ ရေနုတ်မြောင်းတွေကြောင့် နေထိုင်သူအများအပြားဟာ မကြာသေးခင် နှစ်တွေအတွင်းက လူအသေအပျောက်များတဲ့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုဒဏ်တွေကို ခံခဲ့ရပါတယ်။
Source: Reuters











