DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သွေးလှူရှင် ရှားပါးလာပြီး အခက်ကြုံ
DVB
·
August 24, 2025
ရခိုင်တွင် သွေးလှူရှင် ရှားပါးလာပြီး အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဆက်သွယ်ရေးခက်ခဲတာ၊ လူငယ်တွေ စစ်သင်တန်းတက်ရတာနဲ့ ပြည်ပထွက်ခွာတာများတာကြောင့် သွေးအလှူရှင်ရှားပါးပြီး အခက်ကြုံရတယ်လို့ သွေးအလှူရှင် အသင်းတွေဆီက သိရပါတယ်။

မြို့ပေါ်တွေမှာ သွေးလှူရှင်မရှိသလောက် ဖြစ်လာလို့ အရေးပေါ် သွေးလိုအပ်သူတွေအတွက် ခက်ခက်ခဲခဲ ရှာဖွေကြရတယ်လို့ မြောက်ဦးမြို့နယ်က သွေးအလှူရှင်အသင်းမှာ ပါဝင်လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။

“အရင်တုန်းကဆို ဖုန်းလိုင်းရတော့ သွေးအလှူရှင်စာရင်းတွေကိုစိစစ်ပြီး ဖုန်းခေါ်လိုက်ရင် ရပြီလေ။ အခုကျတော့ အဆက်သွယ်တွေကလည်း မရ၊ ကိုယ်တိုင်သွားပြီး ရှာကြရတယ်။ အချိန်လည်းကုန်၊ ငွေလည်းကုန်တယ်။ ပြီးတော့ လူငယ်တွေက အရင်ကလို မရှိတော့ဘူး။ ပြည်ပထွက်တာ၊ တခြား သွားလာနေတာတွေ များတယ်။ အခုတလောဆို ပိုဆိုးတယ်။ စစ်သင်တန်း ပါသွားတဲ့သူတွေများတော့ မြို့ပေါ်မှာဆို သွေးလုံးဝရှာမရတော့ဘူး” လို့ပြောပါတယ်။

မြို့ပေါ်မှာ သွေးရှာဖွေမရတာကြောင့် မြို့နဲ့ဝေးတဲ့ ကျေးလက်ဒေသတွေအထိ သွားရှာကြရတဲ့အတွက် သွေးတပုလင်းအတွက် ကုန်ကျစရိတ် ကျပ် ၃ သိန်းဝန်းကျင်အထိ ရှိလာတယ်လို့ သွေးအလှူရှင်အသင်းတွေမှာ ပါဝင်လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

မင်းပြားဒေသခံတယောက်က “အမေ ဆေးရုံတက်တုန်းက သွေး ၃ ပုလင်းသွင်းခဲ့ရတယ်။  သွေးရှာတဲ့ခရီးစရိတ်၊ သွေးအလှူရှင်ကိုခေါ်လာတဲ့ ခရီးစရိတ်၊ သွေးစစ်ဆေးခနဲ့ သွေးလှူသူအတွက် အာဟာရဆေးဝါးဖိုးတွေပေါင်းလိုက်ရင် သွေးတပုလင်းကို ၃ သိန်းလောက်ကုန်ခဲ့တယ်။ ပြီးတော့ သွေးရှာရတာက အရမ်းကြာတယ်။ အခုချက်ချင်းသွင်းမှရမယ်ဆိုရင် အသက်ပါသွားနိုင်တဲ့ အခြေအနေမျိုးနဲ့ပ ဲရင်ဆိုင်ရမယ်။ သွေးကတော့ ချက်ချင်းရနိုင်ခြေနည်းတယ်” လို့ပြောပါတယ်။

ရခိုင်မှာ အရင်ကတော့ မြို့နယ်အလိုက်သွေးအလှူရှင်အသင်းတွေရှိပြီး အရေးပေါ်လိုအပ်တဲ့ သွေးတွေကို သွေးအလှူရှင်အသင်းတွေက အဓိကစီစဉ်ပေးပြီး ကုန်ကျငွေတွေအကုန်လုံးကိုလည်း ကျခံခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သွေးအလှူရှင်အသင်းတွေဟာ ဆက်သွယ်ရေးအခက်ခဲတွေ၊ ရန်ပုံငွေအကျပ်အတည်းတွေကြောင့် ပုံမှန်လည်ပတ်နိုင်ဖို့ခက်ခဲနေကြပြီး သွေးရှာဖွေရေးကို ခက်ခက်ခဲခဲလုပ်နေကြရတယ်လို့ သွေးအလှူရှင်အသင်းတွေဆီက သိရပါတယ်။

ရခိုင်ကမြို့နယ်‌တွေမှာ အရေးပေါ်သွေးအခက်အခဲအပြင် ဆေးဝါးနဲ့ ရောဂါရှာဖွေရေး ကိရိယာအစုံလင်မရှိတာကြောင့် ကျန်းမာရေးပြဿ‌နာတွေနဲ့ကြုံလာရင် အခက်အခဲတွေ အများကြီးရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013