DVB Logo
Home
မြန်မာသတင်း
AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် သားဖွားအတတ်ပညာသင်တန်း ခေါ်ယူ
DVB
·
August 22, 2025
AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် သားဖွားအတတ်ပညာသင်တန်း ခေါ်ယူ
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ AA ရဲ့ ကျန်းမာရေးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲတွေမှာ လစ်လပ်နေတဲ့ သားဖွားဆရာမတွေကို ခန့်အပ်ပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် သားဖွားအတတ်ပညာသင်တန်းကို ခေါ်ယူနေပါတယ်။

အဲဒီသင်တန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကတည်းက စတင်ခေါ်ယူနေတာဖြစ်ပြီး ၁၈ လတာ ကြာမြင့်မှာဖြစ်သလို လူမျိုး၊ ဘာသာမရွေး အသက် ၂၅ နှစ်အောက် အမျိုးသမီးတိုင်း လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် သင်တန်းလျှောက်ထားသူဟာ AA က ဦးစီးကျင်းပခဲ့တဲ့ ၁၂ တန်း အောင်မြင်ပြီးသူ (ဒါမှမဟုတ်) စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဘယ်နေရာမှာမဆို အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရမယ်လို့ ပါရှိပါတယ်။

အဲဒီသင်တန်းမှာ ကိုယ်ဝန်ဆောင် စောင့်ရှောက်တာ၊ မွေးဖွားပေးတာနဲ့ မီးတွင်းကာလ စောင့်ရှောက်တာ၊ မွေးကင်းစနဲ့ ၅ နှစ်အောက်ကလေး ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ မျိုးဆက်ပွားကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ဆေးကုသရေးလုပ်ငန်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်တာနဲ့ ဘေးအန္တရာယ်နဲ့ အရေးပေါ် ကျန်းမာရေး စီမံခန့်ခွဲရေးလုပ်ငန်း စတဲ့ လုပ်ငန်းတာဝန်တွေ ပါရှိပါတယ်။

လက်ရှိမှာ AA အနေနဲ့ သားဖွားသင်တန်းတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေပါ တောက်လျှောက်ခေါ်ယူနေပြီး ဒါဟာ အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နှစ်တွေကစလို့ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့သူတွေနဲ့ တက္ကသိုလ်တခုခုက ဘွဲ့ရထားတဲ့ လူငယ်တွေဟာ ပညာရေးအခွင့်အလမ်း ဆုံးရှုံးတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမှုတွေကြောင့် လမ်းပျောက်နေခဲ့ကြတာ ကြာပါပြီ။ အခုလို အာရက္ခတပ်တော်က အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးခေါ်လာတာ တွေ့ရတော့ လူငယ်တွေအနေနဲ့ တော်တော်များများ လျှောက်ကြတာကို တွေ့ရပါတယ်။

ကျောက်တော် ဒေသခံတယောက်က “ပညာတတ်လူငယ်တွေဟာ အခွင့်အလမ်း မရှိတာကြောင့် လမ်းပျောက်နေခဲ့ကြတာ ကြာပြီလေ။ အခုလိုမျိုး အလုပ်တွေ ခေါ်လာတာကို မြင်ရတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့လည်း တချို့လူတွေကျတော့ ရခိုင်ပြည်ကို အလုံးစုံ အုပ်ချုပ်လို့ မရသေးတဲ့အတွက် စိုးရိမ်စိတ်တွေကြောင့် မလျှောက်ကြတဲ့သူတွေလည်း တွေ့ရပါတယ်။ ဘာပဲပြောပြော ကိုယ့်ရခိုင်ပြည်မှာ ကိုယ့်အစိုးရက အခုလိုမျိုး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးတာ မြင်တော့ ဝမ်းသာမိပါတယ်” လို့ ပြောပါတယ်။

လျှောက်လွှာတွေကို စက်တင်ဘာ ၅ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် လျှောက်ထားရမှာဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနကို ပေးပို့လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် အနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝ အပါအဝင် ရခိုင်က မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့သာ ကျန်ရှိနေပြီး စစ်ရေးတင်းမာနေတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013