DVB Logo
Home
မြန်မာသတင်း
စစ်ကော်မရှင်ကို ဒဏ်ခတ်ပိတ်ဆို့ရန် အနောက်နိုင်ငံများကို တောင်းဆို
DVB
·
August 21, 2025
စစ်ကော်မရှင်ကို ဒဏ်ခတ်ပိတ်ဆို့ရန် အနောက်နိုင်ငံများကို တောင်းဆို
Donate to DVB

နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်ကို ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ခြင်းနဲ့ ကယ်ပေါက်ပိတ်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

တရားမဝင်မြန်မာစစ်အုပ်စုက သူတို့ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)” အမည်ကို “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်(နလငက)” အဖြစ် ပြောင်းလဲလိုက်တာက နိုင်ငံတကာဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်မယ့် စိုးရိမ်စရာ ကယ်ပေါက်တခုကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “နစက ကနေ နလငက လို့ ခေါင်းစီးပြောင်းပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို မလှိမ့်တပတ် လုပ်နေတဲ့ တရားမဝင်မြန်မာစစ်အုပ်စုကို ခွင့်ပြုမပေးဖို့ လိုပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ၊ အာဏာရှင်လောင်းလျာတွေကို ရင်ဆိုင်အန်တုဖို့အတွက် အလွန်တရာအရေးပါပြီး၊ အစိုးရတွေအနေနဲ့ ကိုယ့်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်ခွရှောင်ရှားသွားတာတွေအပေါ် မရပ်တည်မိဖို့ လိုပါတယ်။ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ နလငက အပေါ် အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ပြီး စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ညှိနှိုင်း ချမှတ်ပြီး ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက် နိုင်ရေး တိုးမြှင့်အားထုတ် လုပ်ဆောင်တာတွေနဲ့ တုံ့ပြန်ရမှာပါ။ သြစတြေးလျအနေနဲ့ နလငက ကို ဒဏ်ခတ်ပိတ်ဆို့ပြီး ၎င်းရဲ့ မဟာမိတ်တွေ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လိုက်ပါဆောင်ရွက်ခြင်းအားဖြင့် မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဆိုတဲ့ စစ်ကော်မရှင်ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အစားထိုးခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဟာ ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်နဲ့ သြစတြေးလျတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့ချမှတ်ခံထားရတဲ့ စစ်ရာဇ၀တ်ကောင်တွေပဲလို့ ဆိုပါတယ်။ 

ဒါ့အပြင် နလငက အဖွဲ့ဝင် ၁၀ ယောက်စလုံးဟာ အနည်းဆုံး တရားစီရင်ပိုင်ခွင့်တခုမှာ ပိတ်ဆို့အရေးယူခံထားရပြီး သူတို့အားလုံးဟာ ဇူလိုင် ၃၁ ရက်မတိုင်မီအထိ အကြမ်း ဖက်စစ်အုပ်စုရဲ့ အကြီးတန်းအဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

စစ်အုပ်စုဟာ ဒီလို စစ်ကော်မရှင်ဆိုတဲ့ အမည် ပြောင်းလဲဖွဲ့စည်းပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲမှုတွေ၊ တရားလက်လွတ် ဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ရပ်ရွာလူထုတရပ်လုံးကို ဖျက်ဆီးမှုတွေနဲ့ မြန်မာပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက် စစ်ဆင်ရေးလှုပ်ရှားမှုတွေက ပိုမိုဆိုးရွား ပြင်းထန်လာခဲ့တယ်လို့လည်း JFM က ဆိုပါတယ်။ 

ဒါ့အပြင် ထုတ်ပြန်ချက်ထဲမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးဒေသက ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကိုလည်း ထောက်ပြပြောဆိုထားပါသေးတယ်။ 

စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ခု မေ ၁၇ ရက်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ၂၀၂၁ ခု ဇွန် ၂၁ ရက်မှာတော့ ယူကေ၊ ၂၀၂၂ ခု နိုဝင်ဘာ ၈ ရက်နေ့မှာ အီးယူနဲ့ ၂၀၂၃ ခု အောက်တိုဘာ ၃၁ ရက်မှာ ကနေဒါနိုင်ငံတို့က အသီးသီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ တရားမဝင်စစ်အုပ်စုအပေါ် ပြတ်သားတဲ့ ပိတ်ဆို့အရေးယူဆောင်ရွက်မှုတွေ ဆက်လက်တည်ရှိနေစေဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်တိမ်းတာကနေ တားဆီးဖို့ အတွက် နလငက ကို ပိတ်ဆို့အရေးယူမှုစာရင်းထဲ အရေးပေါ်ထည့်သွင်းဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့ Justice For Myanmar အဖွဲ့ က ပြောပါတယ်။

ဒါ့အပြင် ဩစတြေးလျနိုင်ငံအနေနဲ့လည်း နလငကနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေတွေ၊ လက်နက်တွေ၊ နည်းပညာနဲ့ လေယာဥ်လောင်စာဆီ ရင်းမြစ်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခြင်းနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ထိန်းသိမ်းရာမှာ သူ့ရဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

Source: JFM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013