DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ အပိုင်း ၁ ကို ၁၀၂  မြို့နယ်၌ ကျင်းပမည်၊ အပိုင်းလိုက်ရွေးကောက်ပွဲများ အားလုံးပြီးမှ လွှတ်တော်ခေါ်မည်
DVB
·
August 21, 2025
ရွေးကောက်ပွဲ အပိုင်း ၁ ကို ၁၀၂  မြို့နယ်၌ ကျင်းပမည်၊ အပိုင်းလိုက်ရွေးကောက်ပွဲများ အားလုံးပြီးမှ လွှတ်တော်ခေါ်မည်
Donate to DVB

လာမယ့် ဒီဇင်ဘာ ၂၈ ရက် စတင်ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုင်းဒေသအလိုက် ပြုလုပ်သွားမယ့် မြို့နယ်အရေအတွက်မှာ နေပြည်တော်ကောင်စီနယ်မြေမှာ ၈ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၂ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှာ ၈ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးမှာ ၈ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၂ မြို့နယ်၊ မကွေးတိုင်းဒေသကြီးမှာ ၉ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၈ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၄ မြို့နယ် ဖြစ်ပါတယ်။

ပြည်နယ်အလိုက် ပြုလုပ်သွားမယ့် မြို့နယ်အရေအတွက်မှာလည်း ကချင်ပြည်နယ်မှာ ၆ မြို့နယ်၊ ကယားပြည်နယ်မှာ ၂ မြို့ နယ်၊ ကရင်ပြည်နယ်မှာ ၃ မြို့နယ်၊ ချင်းပြည်နယ်မှာ ၂ မြို့နယ်၊ မွန်ပြည်နယ်မှာ ၅ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၃ မြို့နယ်၊ ရှမ်း ပြည်နယ်မှာ ၁၂ မြို့နယ် တို့ဖြစ်ပါတယ်။

၁၈ မြို့နယ်ရှိတဲ့ ကချင်ပြည်နယ်က ၆ မြို့နယ်မှာပဲ ရွေးကောက်ပွဲအပိုင်း ၁ လုပ်မှာဖြစ်ပြီး တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအို၊ မိုးညှင်းနဲ့ မြစ်ကြီးနားမြို့တို့ ဖြစ်ပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာတော့ ၇ မြို့နယ်ရှိပေမဲ့ ဘောလခဲနဲ့ လွိုင်ကော်တို့မှာပဲလုပ်မှာဖြစ်ပြီး ကရင်ပြည်နယ်မှာလည်း ၇ မြို့နယ်ထဲက ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီးမြို့နယ်တို့မှာပဲ လုပ်မှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာလည်း တီးတိန်နဲ့ ဟားခါး မြို့နယ်တို့မှာပြုလုပ်မယ်လို့ ကြေညာလိုက်ပြီး စစ်ကိုင်းတိုင်း၊ ရန်ကုန်နဲ့ ရှမ်းပြည်နယ်တို့မှာတော့ ၁၂ မြို့နယ်စီလုပ်မှာဖြစ်လို့ အများဆုံးဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ကော့သောင်း၊ ထားဝယ်၊ ဘုတ်ပြင်းနဲ့ မြိတ်၊ ပဲခူးတိုင်းမှာ ညောင်လေးပင်၊ တောင်ငူ၊ နတ်တလင်း၊ ပဲခူး၊ ပြည်၊ ရွှေတောင်၊ လက်ပံတန်းနဲ့ သာယာဝတီ၊ မကွေးတိုင်းမှာ ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက်နဲ့ အောင်လံမြို့နယ်တို့မှာလုပ်မယ်လို့ ကြေညာပါတယ်။

မန္တလေးတိုင်းမှာတော့ ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ ချမ်းအေးသာစံ၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ အောင်မြေသာစံမြို့နယ်၊ မွန်ပြည်နယ်မှာ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ သထုံ၊ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တို့ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာတော့ မြို့နယ်ပေါင်း ၃၃၀ ရှိပြီး အခု ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မယ်လို့ ကြေညာတဲ့ ၁၀၂ မြို့နယ်ဟာ စစ်တပ်ထိန်းချုပ်ထားနိုင်တယ်လို့ ပြောနိုင်တဲ့ မြို့နယ်တွေဖြစ်ပါတယ်။

ပါတီတွေအနေနဲ့ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စက်တင်ဘာ ၈ ရက်မှာ စတင် တင်သွင်းနိုင်ပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ရုပ်သိမ်းလိုပါက ရုပ်သိမ်းနိုင်တဲ့ နောက်ဆုံးရက်က စက်တင်ဘာ ၁၂ ရက်လို့လည်း ကြေညာပါတယ်။

PR မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းရုပ်သိမ်းပါက အစားထိုးပြန်လည် တင်သွင်းတာကို စက်တင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ သတ်မှတ်ထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေ စိစစ်မယ့်ရက်ကိုတော့ စက်တင်ဘာ ၁၈ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ သတ်မှတ်ထား တယ်လို့ သိရပါတယ်။

ပါတီတွေအနေနဲ့ ပါတီဝင်ဦးရေနဲ့ ပါတီရုံးခန်းတွေ သတ်မှတ်အရေအတွက် ပြည့်အောင်ဆောင်ရွက်ပြီး စက်တင်ဘာလ ၇ ရက် နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမှာလို့ ကြေညာခဲ့ပါတယ်။

တနိုင်ငံလုံးယှဉ်ပြိုင်မယ့်ပါတီတွေအနေနဲ့ ပါတီဝင်ဦးရေ အနည်းဆုံး ၅၀,၀၀၀ ၊ ပါတီရုံးခန်းအနေနဲ့ တနိုင်ငံလုံးရှိ မြို့နယ် အားလုံးရဲ့ ၃ ပုံ ၁ ပုံ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုမှာသာ ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀၊ ပါတီရုံးခန်းအနေနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ် အသီးသီးရှိကြရမှာဖြစ်ပြီး အရေအတွက်မပြည့်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၁၂ အရ အရေးယူမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲတွေကိုတော့ အပိုင်းလိုက်ခွဲပြီး ပြုလုပ်သွားမှာဖြစ်ပြီး အပိုင်းလိုက်ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေအားလုံးပြီးမှသာ လွှတ်တော်ခေါ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မီဒီယာတွေ မေးမြန်းတာကို ဖြေကြားထားပါတယ်။

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ အပိုင်း( ၁ )ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်( တနင်္ဂနွေနေ့ )မှာ စတင်ပြုလုပ်မှာဖြစ်ပြီး ဆက်လက်ပြုလုပ်မယ့် အပိုင်းလိုက် နေ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ် ၁၈ ရက်က ကြေညာခဲ့ပါတယ်။

အပိုင်းလိုက်ရွေးကောက်ပွဲတွေ ကျင်းပပြီး ရလဒ်တွေ ထုတ်ပြန်ပြီးမှသာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၃ ပါ ပြဋ္ဌာန်းချက်နဲ့အညီ လွှတ်တော်ခေါ်ယူရမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားထားပါတယ်။

လက်ရှိအချိန်အထိ ၂၀၂၅ အထွေထွေရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်ပြုပြီးပါတီ ၆၁ ပါတီရှိပြီး တနိုင်ငံလုံးယှဉ်ပြိုင်မယ့် ပါတီ ၉ ပါတီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ယှဉ်ပြိုင်မယ့်ပါတီ ၅၂ ပါတီရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013