DVB Logo
Home
မြန်မာသတင်း
သံတမန်ရေးတိုက်ပွဲအရေးကြီးချိန်တွင် ဦးကျော်မိုးထွန်းကို ပိုမိုထောက်ခံအားပေးရန် တိုက်တွန်း
DVB
·
August 17, 2025
သံတမန်ရေးတိုက်ပွဲအရေးကြီးချိန်တွင် ဦးကျော်မိုးထွန်းကို ပိုမိုထောက်ခံအားပေးရန် တိုက်တွန်း
Donate to DVB

သံတမန်ရေးတိုက်ပွဲအရေးကြီးချိန်မှာ ပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အရင်နှစ်တွေကထက် ပိုပြီးထောက်ခံအားပေးကြဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက တိုက်တွန်းပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလမှာ ဆက်လက်တာဝန်ပေးအပ်ရေး လူထုထောက်ခံပွဲတွေပြုလုပ်ဖို့ ဒုတိယအကြိမ် Global Meeting ကို ဩဂုတ် ၁၆ ရက်နေ့မှာ နိုင်ငံတကာရောက် မြန်မာ့အရေးဆောင်ရွက်သူတွေ ပူးပေါင်းခေါ်ယူခဲ့တာပါ။ 

အွန်လိုင်းကနေပြုလုပ်တဲ့ အစည်းအဝေးမှာ မြေပြင်တော်လှန်ရေးအင်အားစုတွေ၊ အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ ဩစတြေးလျနဲ့ အာရှနိုင်ငံအသီးအသီးကိုရောက်နေတဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပြီး အခုနှစ် ကမ်ပိန်းတွေမှာ အသုံးပြုမယ့် ဆောင်ပုဒ်ကတော့ Our UN Ambasador U Kyaw Moe Tun, The True Voice of  Myanmar ဖြစ်ပါတယ်။

ဦးကိုကိုလေး (Learn and Share) က “သံတမန်တိုက်ပွဲမှာ အမြင့်ဆုံးသောနေရာဌာနက ကမ္ဘာ့ကုလသမဂ္ဂဖြစ်ပါတယ်။ ၁၉၃ နိုင်ငံပါဝင်တာဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းအနေနဲ့ ဒီနေရာပြန်လည်ရရှိဖို့အတွက်က အရေးကြီးပါတယ်။ နေရာပလပ်ခံရမယ်ဆိုရင် ကျနော်တို့ ပြည်သူတွေအတွက် အင်မတန်နစ်နာပါတယ်။ အတုအယောင်ရွေးကောက်ပွဲကဖြစ်လာပြီးတော့ ကမ္ဘာကြီးက တက်လာတဲ့ အစိုးရဆိုပြီးတော့ ဒီလိုမျိုးတွေ ဖြစ်လာမယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာအနှံ့မှာ ရောက်ရှိနေတဲ့ ပြည်သူတွေ၊ ပြည်တွင်း-နယ်စပ်မှာရှိနေတဲ့ ပြည်သူတွေအားလုံးဟာ ဦးကျော်မိုးထွန်း ဒီနေရာပြန်လည်ရရှိရေးအတွက် ကြိုးစားသင့်တယ်လို့ ကျနော် အားပေးချင်ပါတယ်။ တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံး၊ Generation ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အားလုံးက ပူးပေါင်းပါဝင်ပြီးတော့ ဦးကျော်မိုးထွန်း ဒီနေရာ ပြန်လည်ရရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ကို ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးတိုက်ပွဲလို စစ်ရေးတိုက်ပွဲလိုပဲ သံတမန်ရေးရာ တိုက်ပွဲဟာလည်း အရေးကြီးပါတယ်လို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ဒီကနေ ကျနော် နှိုးဆော်ချင်ပါတယ်ခင်ဗျာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ အကြိမ် ၈၀ မြောက် ကမ္ဘာကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပမှာဖြစ်ပြီး စက်တင်ဘာ ၂၀ မှာ နိုင်ငံတကာရဲ့ ခေါင်းဆောင်တွေ ညီလာခံမှာစုစည်းကြမှာ ဖြစ်ပါတယ်။ 

နိုင်ငံတကာခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကိုရဖို့အတွက် စက်တင်ဘာ ၂၀ ရက်နေ့ကို ပစ်မှတ်ထားပြီး ကမ်ပိန်းအစီအစဉ်တွေဖော်ဆောင်ကြဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ပြင်ဆင်နေတာပါ။ 

ဩဂုတ် ၂၃ နဲ့ စက်တင်ဘာ ၆ နေ့တွေမှာ အမေရိကန်ပြည်နယ် ၅၀ ရောက် မြန်မာ့အရေးဆောင်ရွက်သူတွေ အစည်းအဝေး ၂ ကြိမ်ထပ်ခေါ်သွားဖို့ရှိနေပြီး ဩဂုတ် ၃၀ နဲ့ စက်တင်ဘာ ၁၃ ရက်နေ့တွေမှာ Global Meeting ၂ ကြိမ် ထပ်ခေါ်သွားဖို့ ရှိနေပါတယ်။

မခင်သီရိနန္ဒာစိုး (ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားပြည်နယ်) က “ဂလိုဘယ်ကမ်ပိန်းကတော့ စက်တင်ဘာတလလုံးလုပ်ဆောင်သွားဖို့ရှိပါတယ်။ အဓိကအားဖြင့်တော့ စက်တင်ဘာ ၂၀ ရက်ကို ကျမတို့တွေက Global Action Day အဖြစ်နဲ့သတ်မှတ်ပြီးတော့ သံအမတ်ကြီးကို အပြည့်အဝထောက်ခံတဲ့ ပြည်သူ့အသံတွေကိုဆက်လက်ပြီးတော့ ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဒီ USA အနေနဲ့ကတော့ နောက်ထပ် Meeting နှစ်ခုကို ဆက်ပြီးတော့ ခေါ်ဆောင်သွားမယ်။ နောက်တခါ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ကတော့ Meeting နှစ်ခု ဆက်တိုက်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ စုစုပေါင်းလာမယ့်အပတ်တွေမှာ Meeting လေးခုပေါ့ ကျမတို့တွေ ဆက်လက်တွေ့ဆုံပြီးတော့မှ စနစ်တကျနဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရက မြန်မာပြည်တွင်းမှာ မြင်သာတဲ့ဝင်ရောက်စွက်ဖက်မှုတွေပြုလုပ်လာသလို နိုင်ငံတကာစင်မြင့်မှာလည်း အာဏာရှင်စနစ်ဘက်ကရပ်ခံနေတာပါ။ 

တချိန်တည်းမှာ အမေရိကန်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေကို စစ်ကောင်စီက အခွင့်အရေးယူပြီး နိုင်ငံတကာက သူတို့ကိုအစိုးရတရပ်အဖြစ်အသိအမှတ်ပြုလာရေးအတွက်ကြိုးစားနေတာပါ။ ဒီလိုဖိအားတွေကြောင့် အခုနှစ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်လက်ထိန်းသိမ်းနိုင်ရေးမှာ စိန်ခေါ်မှုတချို့ရှိနေတဲ့အတွက် ပြည်သူတွေရဲ့ထောက်ခံအားပေးမှု ပိုပြီးလိုအပ်နေတာဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013