
ကလေးမြို့နယ်နဲ့ ရမည်းသင်းမြို့နယ်ကနေ ငွေကျပ် သိန်း ၇ သောင်းလောက်တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ စစ်တပ်ဩဇာခံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗဟို (CCDAC)က ဩဂုတ် ၁၄ နဲ့ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၆ ရက် ညနေ ၅ နာရီမှာ သတင်းအရ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာအုပ်စု၊ ဆည်ကြီးရွာနားမှာ ကလေးမြို့ကနေ လက်ပံချောင်း ကျေးရွာဘက်ကို ဝင်းကိုကို(ခ)အဲကို က ဆိုင်ကယ်ဆိုက်တွဲနဲ့ သယ်ဆောင်လာတဲ့ ဂျပ်ဖာတွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၁၅ ဒသမ ၀၇ ကီလို (ဒေသတန်ဖိုးငွေကျပ် ၇,၅၃၅ သိန်း) နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉၂ သိန်း (ဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၉၈၄ ဘီလီယံ) တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၇ ရက်နေ့မှာ မန္တလေးကနေ ကလေးကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာပြီး လွှဲပြောင်းပေးအပ်ခဲ့တဲ့ တိုးတက်အောင် (ခ) မဲလုံး နဲ့ အောင်ခန့်ဇော် (ခ) အောင်ကြီး တို့ကို ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်ကအိမ်မှာ HINO ၁၂ ဘီးကားနဲ့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေကို မန္တလေးကနေ ကလေးကို သယ်ဆောင်ခိုင်းသူတွေဟာ ဘိုမင်း နဲ့ စိုးမိုးဦး တို့ဖြစ်ပြီး တမူးမြို့နယ်၊ ခမ်းပတ်မြို့နေ ကျင်မှုံခန့် က မြန်မာ-အိန္ဒိယနယ်စပ်က သယ်ဆောင်ရောင်းဝယ်တာလို့ သိရတာကြောင့် သူတို့ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၇ ရက်ကလည်း ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ကင်းရွာနားမှာ တင်မိုး မောင်းနှင်တဲ့ Mazada Bongo ကားနဲ့ ရာဇာထွန်း မောင်းနှင်တဲ့ I Zone ကားပေါ်ကို ဘိန်းဖြူပါတဲ့ ဆပ်ပြာခွက်တွေ ထုပ်ပိုးထားတဲ့ ပီနံအိတ်တွေ တင်နေတုန်း ရှာဖွေစစ်ဆေးခဲ့တာမှာ ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံတန်ဖိုးတဲ့ ဘိန်းဖြူ ၁၇၁ ဒသမ ၆ ကီလိုနဲ့ အတူ တာဝန်ခံသယ်ဆောင်လာသူ တံတားဦးမြို့နယ်နေ ကျော်လွင်ဦး နဲ့ ကားတွေပေါ်ကို တင်ပေးနေတဲ့ ကလောမြို့နယ်နေ ဖိုးပိုင် ပါ ၂၂ ယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဘိန်းဖြူတွေကို ကလောမြို့နယ်ကနေ ရမည်းသင်းမြို့နယ်ဆီ သယ်ဆောင်ခိုင်းသူဟာ ချစ်သူ ဖြစ်ပြီး ရမည်းသင်းကနေ မန္တလေးကို တာဝန်ခံ သယ်ဆောင်ခိုင်းသူက မကြူကြူမြင့် ဖြစ်တာကိုသိရှိရလို့ သူတို့ကို အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။











