
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ ရေအရင်းအမြစ်တွေ ခန်းခြောက်နေပြီး လူဦးရေ ၆ သန်းဟာ မိုးရွာသွန်းမှု လျော့နည်းတာ၊ ဆီးနှင်းတွေ အရည်ပျော်တာနဲ့ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူတာတွေကြောင့် ၂၀၃၀ ခုနှစ်မှာ ဆိုးဆိုးရွားရွား ရေပြတ်တောက်မှု ကြုံတွေ့ရနိုင်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။
ကဘူးလ်ရဲ့ ရေလှောင်ကန်ဟာ ပြန်ဖြည့်နိုင်မှုနှုန်းထက် ၂ ဆနီးပါး လျော့နည်းသွားပြီး ခုအချိန်အထိ တာလီဘန် အာဏာပိုင်တွေက အနီးနားက ဆည်တွေနဲ့ မြစ်တွေက ရေတွေကို မြို့ထဲပို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ နယူးယောက်ခ်တိုင်းမ်စ် သတင်းစာက သြဂုတ် ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။
နှင်းဖုံးတောင်တန်းတွေနဲ့ ဝန်းရံထားပြီး မြစ် ၃ စင်း ဖြတ်စီးနေတဲ့ ကဘူးလ်မြို့တော်ဟာ အရင်က လုံးဝခြောက်သွေ့မှုကို မကြုံဖူးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း စစ်ပွဲတွေကြား လူဦးရေ ၆ ဆတိုးလာပြီး သင့်လျော်တဲ့ ရေစီမံခန့်ခွဲမှု စနစ်တွေ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လို့ မြို့တော်ကို ရေအကျပ်အတည်းဆီ တွန်းပို့ခဲ့သလို ဖြစ်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ တနှစ်ကို အာဖဂန်နိုင်ငံသား အနည်းဆုံး ၇၀၀,၀၀၀ ဟာ မိုးခေါင်မှုနဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် နေရပ်စွန့်ခွာနေကြရပြီး နိုင်ငံလူဦးရေ ၄၂ သန်းရဲ့ သုံးပုံတပုံက ဘေးကင်းတဲ့ သောက်သုံးရေရရှိမှု ချို့တဲ့နေပါတယ်။
ကဘူးလ်ရဲ့ ရေပေးဝေမှုကို လုံခြုံစေဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတကာ စီမံကိန်းတွေလည်း ပျက်ကွက်ခဲ့ပြီး ဆည်တွေနဲ့ ပိုက်လိုင်းကွန်ရက်များစွာဟာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ မပြီးစီးခဲ့ပါဘူး။
လက်ရှိမှာ ကဘူးလ်မြို့ခံ ငါးပုံတပုံသာ ပိုက်ရေကို သုံးစွဲခွင့်ရှိနေတာပါ။ ရေတွင်းတွေ ခန်းခြောက်သွားပြီး ပိုက်လိုင်းတွေ အလုပ်မလုပ်တော့လို့ နေ့စဉ် ရေတင်သင်္ဘောတွေကို မှီခိုနေရတယ်လို့ အမျိုးသား သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီက ပြောခဲ့ပါတယ်။
Source: Reuters










